Saturday, April 27, 2019

ထိုင်းနိုင်ငံသို့ ဧပြီလကုန်နောက်ပိုင်း ပြန်ဝင်ပါက ဒဏ်ကြေးဘတ်၂၀၀၀ ပေးဆောင်ရမည် ဖြစ်သောကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လမကုန်မီ အလုံးအရင်းဖြင့် ပြန်ကြကြောင်း သိရ


နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် နေရပ်သို့ ပြန်လာသူမှာ သုံးသိန်းခန့်ရှိပြီး ယခုထိုင်းသို့ ပြန်ဝင်လာသူမှာ တစ်သိန်းကျော်ခန့်သာ ရှိသေးသည့်အတွက် ဧပြီလကုန်နောက်ပိုင်းမှ ထိုင်းသို့ ပြန်ဝင်သူများအနေဖြင့် ဒဏ်ကြေးဘတ်၂၀၀၀ ပေးဆောင်ရမည်ဖြစ်သောကြောင့် လမကုန်မီ အလုံးရင်းဖြင့် လာကြဦးမည်ဖြစ်ကြောင်း သိရသည်။ 
အိမ်နီးချင်းထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များသို့ ထွက်ခွာကြသည့် သင်္ကြန်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဧပြီ ၂၄ ရက်အထိ များပြားနေဆဲဖြစ်ပြီး နေ့အပူချိန်မြင့်မားမှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။ 

မြန်မာ နှစ်ဆန်းနှစ်ရက်နေ့ ဧပြီ ၁၈ ရက်မှစတင်၍ လုပ်ငန်းခွင်ရှိရာထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်ဝင်ကြသဖြင့် အဝင်တံဆိပ်တုံးထုရာ တံတားထိပ်(ထိုင်းဘက်)တွင် အုံကျင်းဖွဲ့တစ်ဆို့ကာ စောင့်ဆိုင်းနေရသဖြင့် လူတန်းရှည်ကြီးမှာ တံတားအလယ်ထိ ရောက်လျက်ရှိသည်။ 

မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး၏ ပန်ကြားချက် ထိုင်းတာဝန်ရှိသူများ၏ ပေါင်းစပ်ညှိနှိုင်းမှုကြောင့် မြန်မာလုပ်သားများ နေပူဒဏ်သက်သာစေရန် သုံးထပ်ဆောင်တော မောရုံးသို့ ခေါ်ဆောင်ကာ အဝင်တုံးထုပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သော်လည်း လူဦးရေများ၍ အခန်း၌မဆံ့သောအခါ ချစ်ကြည်ရေးတံတားပေါ်တွင် တန်းစီကြရသည်။ 

မြဝတီမြို့မှ တာဝန်ရှိသူများ၊ လူမှုကွန်ရက်အဖွဲ့နှင့် စေတနာရှင်များက အဆိုပါ နေပူဒဏ်ခံ အလုပ်သမား မြန်မာနိုင်ငံသားများအား ရေသန့်ဘူးများ သွားရောက်လှူဒါန်း ကြကြောင်း သိရသည်။ 

ယခုကဲ့သို့ မြန်မာနိုင်ငံသားများ အခက်အခဲများစွာနှင့် အိမ်နီးချင်းနိုင်ငံသို့ ထွက်ခွာနေရခြင်း၏ အရင်းအမြစ်မှာ ပြည်တွင်း၌ ကုန်ထုတ်စွမ်းအား ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ နည်းပါးခြင်းကြောင်းဖြစ်သည်ဟု အလုပ်သမားများအား ရေးလှူဒါန်ရေးအဖွဲ့မှ ဆရာဦးဝင်းချိုက ပြောကြားသည်။ 

“ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေခြင်း၊ အိမ်နီးချင်းနိုင်ငံသို့ အခက်အခဲတွေနဲ့ သွားနေကြရတာဟာ ကျွန်တော်တို့နိုင်ငံမှာ ကုန်ထုတ်စွမ်းအား ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေ နည်းပါးနေလို့ဖြစ်တယ်။ ရှိတဲ့ အလုပ်ရုံစက်ရုံတွေကလည်း လုပ်အားခနည်းတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ တန်းတူမပေးနိုင်ဘူး။ မပေးနိုင်တဲ့ခါကျတော့ နဂိုကမှ ဆင်းရဲတာ ပိုပြီးနိမ့်ကျလာတယ်။ ကျွန်တော်တို့နိုင်ငံမှာ စက်ရုံတွေ၊ အလုပ်ရုံတွေ ရင်းနှီးမြှုပ်နှံမှုတွေများလာမယ်၊ လုပ်ခလစာကိုလည်း တန်းတူမဟုတ်ရင်တောင် နည်းနည်းနိမ်တဲ့ လုပ်ခလစာရကြမယ်ဆိုရင် ဆွေမျိုးတွေရှိတဲ့ မိမိနိုင်ငံမှာပဲ လုပ်ကြမှာပါ။ ဒီလိုအခက်အခဲမျိုးလည်း ကြုံရမှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံတော်အစိုးရကို တောင်းဆိုချင်ပါတယ်။ ဖော်ဆောင်ထားတဲ့ စက်မှုဇုန်တွေမှာ မြေကွက်အလွတ်တွေ ထားမယ့်အစား အလုပ်ရုံ စက်ရုံတွေ တည်ဆောက်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment