၁၃ ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီက ဧပြီ ၄ ရက်တွင် လူမှုကွန်ရက် Facebook ၌ အသိပေး ကြေညာသည်။
အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ အသိပေး ကြေညာချက်မှာ HRD-Korea က ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လုပ်သားခေါ်ယူမှု အောင်မြင်မှုအရေအတွက် ယခင်နှစ်များထက် ထက်ဝက် လျှော့ချခေါ်ယူမည်ဖြစ်ဟု ညှိနှိုင်းအကြောင်းကြားလာခဲ့ကြောင်း၊ ညှိနှိုင်းချက်အရ မြန်မာနိုင်ငံအတွက် ကုန်ထုတ်လုပ်ငန်းများအတွက် ၅၀၀၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် ၁၀၀၀ စုစုပေါင်း ၁၅၀၀ ဦးသာ အောင်မြင်မှု ခွင့်ပြုပေးထားကြောင်း ဖော်ပြထားသည်။
ဘာသာစကား စာမေးပွဲဖြေဆိုမည့် လုပ်သားဦးရေသည် လေးသောင်းဦးခန့်ရှိပြီး အောင်မြင်မှုပေးမည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက များစွာကွာဟမှု ရှိနေသည့်အတွက် အောင်မြင်မှုပေးမည့် အရေအတွက် တိုးမြှင့်ပေးနိုင်ပါရန် HRD-Korea သို့ စာဖြင့်ညှိနှိုင်းခဲ့ရာ ၂၀၁၈ ခုနှစ်တွင် အောင်မြင်မှုပေးခဲ့သည့် အရေအတွက်သည် ယခင်နှစ်များထက် နှစ်ဆ တိုးပေးထားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် လုပ်သားခေါ်ယူမှု Quota အတွက် တန်းစီဇယားတွင် လုပ်သား အရေအတွက် ၉၀၀၀ ဦးကျော် ကျန်ရှိသဖြင့် အောင်မြင်မှု အရေအတွက်ကို တိုးမြှင့်မပေးနိုင်ပါကြောင်း အကြောင်းပြန်ကြားလာပါသည်ဟု အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ စာမေးပွဲ ကျင်းပမည်ဆိုပါက ဖြေဆိုမည့် ဦးရေနှင့် နှိုင်းယှဉ်လျှင် အောင်မြင်မှုပေးသည့် အရေအတွက်သည် လွန်စွာနည်းပါးသဖြင့် ၂၀၁၉ ခုနှစ်တွင် ၁၃ ကြိမ်မြောက် EPS-TOPIK ကိုရီးယား ဘာသာစကား အရည်အချင်းစစ်စာမေးပွဲ ကျင်းပရန် အစီအစဉ်မရှိကြောင်း အသိပေး ကြေညာအပ်ပါသည်ဟူ ၍ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီက အသိပေး ကြေညာသည်။
ထိုသို့ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA-EPS) က လူမှုကွန်ရက် Facebook တွင် အသိပေး ကြေညာခဲ့ရာ အဆိုပါ ကြေညာချက် အောက်တွင် ၁၃ ကြိမ်မြောက် ကိုရီးယားဘာသာစကား စာမေးပွဲဖြေဆိုခွင့် ရရှိရန် စောင့်ဆိုင်းနေသူများက စာမေးပွဲ မကျင်းပမည့် အကြောင်းရင်းအား ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် ဝေဖန်ရေးသားခြင်း၊ ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုများအကြောင်း ရေးသားထားသည့် မှတ်ချက် အများအပြားကို တွေ့မြင်ရသည်။
ကိုရီးယားတွင် အလုပ်လုပ်ရန် မိတ္ထီလာမြို့မှ ရန်ကုန်သို့ လာရောက်၍ ဘာသာစကား သင်တန်း တက်ခဲ့သော်လည်း စာမေးပွဲဖြေဆိုခွင့် မရခြင်းနှင့် ပတ်သက်၍ ကိုမျိုးခိုင်က “မိဘတွေကို ဘယ်လို ပြန်ပြောရမလဲတောင် မသိတော့ဘူးဗျာ။ ပိုက်ဆံမရှိတဲ့ကြားထဲက နယ်ကနေ ရန်ကုန်မှာ အဆောင်နေခိုင်းပြီး သင်တန်းထားပေးခဲ့ကြတာ။ အခုစာမေးပွဲဖြေခွင့် မရတော့ဘူး ဆိုတော့ သင်တန်းကြေးတွေ၊ အဆောင်လခတွေ၊ စားသောက်စရိတ်တွေ အလကားဖြစ်ကုန်ပြီပေါ့။ စာမေးပွဲ မဖြေရဘူး ဆိုတာကို ကြိုပြီး အကြောင်းကြားရင် အခုလို အချိန်ကုန်၊ ငွေကုန်၊လူပင်ပန်း မဖြစ်တော့ဘူးပေါ့ဗျာ”ဟု ပြောကြားသည်။
ကိုရီးယားဘာသာစကား စာမေးပွဲ မကျင်းပတော့ခြင်းနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို ဆက်သွယ်မေးမြန်းရာ”လောလောဆယ် လာမမေးနဲ့ဦး။ မဖြေနိုင်သေးဘူး” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူများအနက် ၁၀၀၀၀ ဝန်းကျင်ခန့်မှာ စာမေးပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုဖြင့် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ခဲ့ရာ လက်ရှိအချိန်ထိ မြန်မာလုပ်သား ၃၅၀၀၀ ခန့် စေလွှတ်ထားပြီး ဖြစ်သည်။
Eleven Media Group

No comments:
Post a Comment