Thursday, April 4, 2019

တည်းခိုခန်းတွင်မှတ်ပုံတင်မပေးဘဲ လာတည်းသူစုံတွဲအနက် အမျိုးသမီးသေဆုံး


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် တည်းခိုခန်းတစ်ခု၌ အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ 
  
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့ နယ်၊ မြို့ သစ် (၁) ရပ်ကွက် ၆၆×၆၇လမ်း၊ ငုရွှေဝါနှင့်စိန်ခြယ်လမ်းကြား၊ အေးသုခလမ်းသွယ်ရှိ တည်းခိုခန်း၌ ဧပြီလ ၃ ရက်၊နေ့လယ်ပိုင်းက အမျိုးသမီးတစ်ဦးအခန်းတွင်း သေဆုံးနေသည့်သတင်းပေးချက်ကြောင့် ရဲတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ကြသည်။ 
စစ်ဆေးချက်အရ အခန်းအမှတ် C -001 အတွင်းရှိ ကုတင်ပေါ်၌စောင်ကိုခြုံလျက်ပေးထားကာ ပုဝါဖြင့် မျက်နှာကိုအုပ်ထားလျက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံးသည့်အမျိုးသမီးကိုတွေ့ရှိသဖြင့် ရင်ခွဲရုံသို့တင်ပို့ကာ ဖြစ်စဉ်ကိုဆက်လက်စစ်ဆေးခဲ့ကြသည်။ 
တည်းခိုခန်းမန်နေဂျာ၏ပြောပြချက်အရ အခင်းမဖြစ်ခင် ဧပြီလ ၂ ရက်၊ ည ၁၁ နာရီခန့်က သေဆုံးသူနှင့်အတူ အမျိုးသားတစ်ဦးတို့မှတ်ပုံတင်မပေးဘဲအခန်းတွင်းသို့တည်းခိုခဲ့ကြပြီး ဧပြီလ ၃ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် အမျိုးသားမှာအပြင်သို့ထွက်ခွာသွားခဲ့သဖြင့် ခဏအကြာတွင်အခန်းဝင်ရှင်းရန်ကြည့်စဉ် ယခုကဲ့သို့ အမျိုးသမီးသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ 
“ လက်ရှိအချိန်မှာစခန်းမှူးအပါအ၀င် တပ်ဖွဲ့ဝင်တွေကစစ်ဆေးနေတဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး။ လူသတ်မှုနဲ့တော့အမှုဖွင့်ထားပါတယ်။ ပြစ်မှုကျူးလွန်သူကို ရှာဖွေနေဆဲပါ” ဟု ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ပြောသည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လွတ်မြောက်နေသည့်သံသယရှိသူအမျိုးသားကို စုံစမ်းရှာဖွေနေပြီး ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) နယ်မြေရဲစခန်း၌ (ပ)၂၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ 

ဒါးဇ(အကုန်သိသတင်းဌာန)

No comments:

Post a Comment