Monday, April 29, 2019

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေသစ် ကျင့်သုံးနိုင်ရန် အချိန်ယူရဦးမည်ဟုဆို



ပြီးခဲ့တဲ့လက ပြဋ္ဌာန်းခဲ့တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို စတင်ကျင့်သုံးနိုင်ဖို့ အချိန်ယူရဦးမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောပါတယ်။ 

ဧပြီ(၂၈)ရက်က ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ အခမ်းအနားမှာ ဦးညွန့်ဝင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အဲဒီ ဥပဒေထဲမှာ ကဏ္ဍအသစ်တွေပါဝင်လာတာကြောင့် နည်းဥပဒေပြဋ္ဌာန်းနိုင်ဖို့ကိုသက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆွေးနွေး ရဦးမှာဖြစ်တဲ့အတွက် အချိန်ယူဖို့လိုတယ်လို့လည်း ဦးညွန့်ဝင်းက ဆိုပါတယ်။ 

အရင်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေနဲ့ ကြီးကြပ်စစ်ဆေးခွင့်မရတဲ့ ဆောက်လုပ်ရေးလုပ်သားကဏ္ဍ၊ ရေလုပ်သားကဏ္ဍတွေပါ ဥပဒေအသစ်ထဲမှာပါဝင်လာပါတယ်။ 

အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ကလည်း ဥပဒေထဲမှာ လိုအပ်နေတာ၊ ဖြည့်စွက်စရာရှိတဲ့ အချက်တွေ ကို ဝန်ကြီးဌာနထံ အကြံပြုပေးပို့နိုင်တယ်၊ ပြည်သူတွေရဲ့ အကြံပြုချက်ကို ဝန်ကြီးဌာနကနေတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုပေးပို့ပြီး နည်းဥပဒေပြဋ္ဌာန်းရာမှာ ပါဝင်နိုင်အောင် ဆောင်ရွက် သွားမယ်လို့ ဦးညွန့်ဝင်းက ဆိုပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို (၂၀၁၉)ခုနှစ်၊ မတ်(၁၅)ရက်က စတင်ပြဋ္ဌာန်းလိုက် တာဖြစ်ပြီး အဲဒီဥပဒေထဲမှာ အခန်း(၁၇)ခန်းနဲ့ ပုဒ်မ(၇၃)ခု ပါဝင်ပါတယ်။ 
  
သတင်း - သီဟစိုးလွင်
One News Myanmar 

No comments:

Post a Comment