Monday, April 29, 2019

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် Heat Stroke ကြောင့် ဆေးကုသမှု ခံယူနေသူများအနက် လေးဦး သေဆုံး


ပဲခူးပြည်သူ့ဆေးရုံကြီးတွင် Heat Stroke ကြောင့် ဆေးကုသမှု ခံယူနေသူများအနက် လေးဦး သေဆုံးခဲ့ကြောင်း ပဲခူးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောကြားသည်။ 
“Heat Stroke လူနာကတော့ ဧပြီ ၂၀ ရက်လောက်ကစပြီး အခုထိ ၁၀ ဦး ရောက်လာပြီး လေးဦး ဆုံးသွားပါတယ်။ အခုနောက်ပိုင်းတော့ မိုးလေဝသ အခြေအနေအရ အပူချိန်နည်းသွားရင်တော့ Heat Stroke ရောဂါဖြစ်တဲ့ လူနာ မပိုလာတော့လောက်ဘူးလို့ ထင်ပါတယ်။ ရှိနေတဲ့ လူနာတွေကိုလည်း အချိန်မီ ထိန်းချုပ် ကုသပေးနိုင်ပါပြီ။ ကောင်းသွားလို့ အချို့လည်း ပြန်ဆင်းသွားကြပါပြီ” ဟု ပဲခူးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။ 

လက်ရှိတွင် ပဲခူးမြို့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ယခင်နှစ်ကထက် ပိုများနေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါမှာ မိုးရာသီတွင် အဖြစ်များခြင်း ဖြစ်သော်လည်း ယခင်နှစ်ကထက် ပိုများနေကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။ 

သွေးလွန်တုပ်ကွေး လူနာမှာ ယခင်နှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ၁၅ ဦးသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် လူနာ ၄၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ယခုပုံစံအတိုင်း ဆိုပါက ရောဂါအဖြစ်များသည့် မိုးရာသီတွင် ပိုမို ဖြစ်ပွားနိုင်ခြေ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“သွေးလွန်တုပ်ကွေး လူနာက အရင်နှစ်ကဆို ကာလတူအချိန်မှာ ၁၅ ယောက်ပဲ ရှိတယ်။ အခု ၄၀ ကျော်ပြီ။ အဖြစ်များတာက မိုးရာသီနဲ့ အသက်အားဖြင့်ဆို နှစ်နှစ်ကနေ ၁၅ နှစ်အတွင်း အဖြစ်များတယ်။ အခု တစ်နှစ်အောက်ရော လူကြီးတွေပါ ဖြစ်လာပြီး ပိုဖြစ်လာကြတယ်” ဟု ဆေးရုံအုပ်ကြီးက ပြောကြားသည်။ 

ထို့ပြင် ခွေးရူးရောဂါ ကာကွယ်ဆေး လာထိုးသူ တစ်နေ့လျှင် အယောက် ၃၀ နီးပါးခန့် ရှိသဖြင့် ဆေးဝါး မလုံလောက်မှုများ ကြုံ တွေ့နေရကြောင်း၊ ဆေးဝါး မှန်ကန်ရန်နှင့် ဈေးနှုန်းကြီးမြင့်ခြင်း မရှိစေရန် ဆေးကုမ္ပဏီများဖြင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ပေးခြင်း စသည်တို့ကို လုပ်ဆောင် ပေးထားကြောင်း သိရသည်။ 

“ဧပြီလမှာ ခွဲတမ်းက အလုံး ၅၀ ပဲရတယ်။ တစ်လုံးကို နှစ်ယောက် ထိုးပေးလို့တော့ ရတယ်။ အခုတော့ ခွေးကိုက်ခံရပြီး ပထမဆုံး တစ်ကြိမ်ပဲ ထိုးပေးနိုင်ပါတော့တယ်။ ကျန်တဲ့ သုံးကြိမ်ကို အပြင်မှာပဲထိုးပါလို့ ပြောရတယ်။ စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ ဆေးဝါး မှန်ကန်ဖို့နဲ့ ဆေးဈေးနှုန်း မှန်ဖို့ လူနာတွေ အဆင်ပြေအောင် အာမခံတဲ့ ဆေးဆိုင်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။ အချို့ဆေးကုမ္ပဏီတွေမှာ ဆေးပါ ပြတ်သွားအထိ ဖြစ်နေတာပါ” ဟု ပဲခူးမြို့ ဆေးရုံအုပ်ကြီးက ပြောကြားသည်။        

Eleven Media Group

No comments:

Post a Comment