အစ္စလာမ္မစ် အကြမ်းဖက်အုပ်စု IS သည် အီရတ်နှင့် ဆီးရီးယားတို့တွင် အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တို့အား ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ စတင်ရန် အခြေစိုက်နေရာများ အနေနှင့် ချိန်ရွယ်နေကြသည်ဟု ယုံကြည်ရကြောင်း မလေးရှားရဲချုပ် တန်ဆရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြားခဲ့သည်။ IS တို့သည် အရှေ့တောင်အာရှထဲ၌ အခြေစိုက်စခန်းသစ် တစ်ခု မရှာဖွေမီ မလေးရှားနိုင်ငံ ဆာဘာပြည်နယ် အထူးသဖြင့် တာဝါအူနှင့် ဆန်ဒါခန်မြို့တို့ကို တစ်ဆင့်ခံ နေရာများအဖြစ် သတ်မှတ်ရေးအတွက် စဉ်းစားနေသည်ဟု မလေးရှားရဲတို့က ယူဆနေကြသည်။
ထိုအကြောင်းကို ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေများ ၊ အေဂျင်စီများထံမှ သတင်းဖလှယ်ရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်က ဧပြီ ၂၅ ရက်တွင် သူရဲကောင်း ဆုတံဆိပ်များ ပေးအပ်ခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့ခြင်း ဖြစ်သည်။
“ မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် IS ဟာ လက်ရှိအချိန်မှာ ဆီးရီးယားနဲ့ အီရတ်တို့မှာ အခြေမခိုင် ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ထားကြပါတယ်။ စစ်သွေးကြွတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ အရလည်း အားလျော့နေကြတယ်။ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံစလုံးက IS ဦးရေဟာ ၃၅,၀၀၀ အထိ လျော့ကျသွားပါတယ်” ဟု ရဲချုပ်ဖူဇီက ပြောကြားခဲ့သည်။
“ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်ရေးအတွက် တစ်ဆင့်ခံ နေရာအဖြစ် လုပ်ဆောင်ဖို့ တာဝါအူနဲ့ ဆန်ဒါခန်တို့ကို IS အချို့ သွားနေကြပါပြီ။ အဲသလို သွားတဲ့သူတွေထဲမှာ မလေးရှားနဲ့ အခြား အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံသားတွေ ပါဝင်နေပါတယ်” ဟု ဖူဇီက ဆိုသည်။ ထိုဒေသများကို အဆက်မပြတ် စောင့်ကြည့်နေကြောင်း၊ ယင်းအပြင် ဆာဘာအရှေ့ဘက် ကမ်းရိုးတန်းဒေသထဲရှိ အခြားခရိုင် ၁၀ ခုကိုပါ စောင့်ကြည့်နေကြောင်းလည်း ဖူဇီက ဖြည့်စွက် ပြောကြားခဲ့သည်။
IS တို့သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် ရခိုင်တို့အား ၎င်းတို့၏ နေရပ်အသစ်အဖြစ် သတ်မှတ်ရန် စဉ်းစားနေကြသည်ဟု ရဲချုပ်ဖူဇီ၏ ပြောကြားချက်အရ သိရသည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် IS တို့၏ အရေးနိမ့်မှုသည် ၎င်းတို့၏ အကြမ်းဖက်မှုများ အဆုံးသတ်သွားခြင်း မဟုတ်ကြောင်း၊ ဆိုက်ဘာနယ်ပယ်သည် ၎င်းတို့၏ စစ်မျက်နှာပြင်အသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူ ကလည်း ပြောကြားခဲ့သည်။
မွတ်စလင် ၆၅ ရာခိုင်နှုန်းခန့် ရှိသော အရှေ့တောင်အာရှဒေသသည် IS တို့အတွက် လမ်းလွဲခဲ့ရသော ၎င်းတို့၏ ရည်မှန်းချက်များအား ဆက်လက် အကောင်အထည်ဖော်ရန် သင့်တော်သော နေရာတစ်ခုအဖြစ် ရှုမြင်ခံနေရသည်ဟု မိုဟာမက်က ယခင်က ပြောကြားခဲ့ဖူးသည်။
“ ဒါတွေအပြင် ဆိုက်ဘာပေါ်က IS တွေ ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အွန်လိုင်းပေါ်မှာ IS အယူအဆတွေ ပျံ့နှံ့စေဖို့ လုပ်ဆောင်တာတွေကို ထောက်လှမ်းနိုင်အောင် Counter Messaging Centre (CMC) ကို ဖွဲ့ပြီးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်” ဟု ဖူဇီက ဆိုသည်။
ထိုပြဿနာအား ပိုမို ထိထိရောက်ရောက် ကိုင်တွယ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ပြည်ပ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသွားခဲ့သည်။
Eleven Media Group

No comments:
Post a Comment