Thursday, May 2, 2019

AA နှင့်ပတ်သက်မှု ရှိ၊ မရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအား စစ်ဆေးနေစဉ် အုပ်စုဖွဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များထံမှ လက်နက်များလုယက်သောကြောင့် ပစ်ခတ်ရာမှ ၆ ဦးသေဆုံး ဟု တပ်မတော်ပြော


ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာတွင် AA ဟုယူဆရသူများကို စစ်ဆေးနေသည့် တပ်မ တော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်များကို လုယက်မှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံး ကာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
“ ၂ ရက်နေ့ မနက်ပိုင်း ၂ နာရီလောက်မှာ စစ်ဆေးနေတဲ့သူတွေက လူစုလူဝေးနဲ့ အော်ဟစ်ပြီး ဝိုင်းလာတယ်။ လူစုလူဝေးပြိုကွဲအောင် မိုးပေါ်ထောင်ဖောက်ပြီးခွဲတယ်။ လူမကွဲပဲနဲ့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုဝင်လုတဲ့အထိဖြစ်လာလို့ မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတယ်။ 
ကနဦး သတင်းအရတော့ ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ၊ ၄ ဦးလွတ်မြောက်သွားတယ်”ဟု တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 
ပြီးခဲ့သည့် ရက်ပိုင်းက ကျောက်တန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင် လာသည့် AA တပ်ဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာအတွင်း ခိုလှုံနေသည့် သတင်းရသော ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများနှင့် သွားရောက်စစ်ဆေးနေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 
“ရွာထဲမှာရှိတယ်ဆိုတဲ့သတင်းရတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ မြို့နယ်ဦးစီးအရာရှိတွေရယ်နဲ့ သွားရောက်စစ်ဆေးတယ် အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတော့ အိမ်ထောင်စုစာရင်းမှာ မပါတဲ့ ၂၇၅ ယောက်တွေ့တယ် အဲ့တာကို စာသင်ကျောင်းမှာ စစ်ဆေးနေရင်း တိုက်ခိုက်မှုဖြစ်ပွား တာ။ ကျွန်တော်တို့ ဖြစ်စဉ်အသေးစိတ်ကို သတင်းထုတ်ပြန်ပေးပါမယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စုစာရင်းနှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား တွေ့ရှိခဲ့သဖြင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရအရေးယူနိုင်ရေး အတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် က သတင်းထုတ်ပြန်ထားသည်။ 
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိပြီး တပ်မတော်က ရခိုင်ဒေသမပါဝင်သည့် စစ်တိုင်း ၅ ခုတွင် အပစ်ရပ်ကာလအား ၂ လထပ်မံတိုးမြှင့်ထားသည်။ 
တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည် သူများနှင့်ပူးပေါင်းကာ သတင်းများရယူဖော်ထုတ်ပြီး AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ် အတွင်း ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေး အတွက် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။ 
AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီး ဧပြီ ၃ ရက်တွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်သွားရန်ရှိနေသည်။ 

#TheFifthWave

No comments:

Post a Comment