ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း ဆွာတိုးဂိတ်နှင့်လမ်းတလျောက်အချို့နေရာများတွင် ညအိပ်ရပ်နားသည့် ကုန်တင်ယာဉ်များအား လုယက်မှုများဖြစ်ပေါ်နေ ကြောင်းသတင်းများထွက်ပေါ်လျက်ရှိရာ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့များရှိ ရဲစခန်းအသီးသီးမှ ညပိုင်းလှည့်ကင်းများဖြင့်ဆောင်ရွက်ခဲ့ရာ မေ ၂၆ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့် ရေတာရှည်မြို့၊ တောင်ဘက် ၁ မိုင် ၂ ဖာလုံခန့်အကွာ ရွှေပြည်ကုန်းကျေးရွာအလွန် မိုင်တိုင် ၁၇၄/၃ နှင့် ၄ အကြား ကုန်တင်ယာဉ်မောင်းတစ်ဦီးအား ရိုက်နှက်ကာ ငွေနှင့်ဖုန်းတစ်လုံးလုယက်ခံရကြောင်းသတင်းအရ ရဲတပ် ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကိုအချိန်တိုအတွင်းဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ကိုသောင်းထိုက်စိုးသည် ရန်ကုန်မြို့မှနေ၍ သကြားအိတ် များတင်ဆောင်ပြီး တောင်ကြီးမြို့သို့ ရန်ကုန်-မန်္တလေးကားလမ်းအတိုင်းမောင်းနှင်လာစဉ် ရေတာရှည်မြို့ တောင်ဘက် အခင်းဖြစ်နေရာအရောက် ကားအားရပ်၍ အပေါ့ဆင်းသွားခဲ့သည်။ ထိုစဉ် အသက် ၂၀ အရွယ်ခန့် မိန်းကလေးတစ်ဦးရောက်ရှိလာကာ အလုပ်လုပ်အုံးမလားဟု မေးမြန်းသည်ကို ငြင်းဆန်ခဲ့ရာ၊ လူ ၃ ဦးအမှောင်ထဲမှထွက်လာပြီး ၀ါးစိမ်းတုတ်များဖြင့်ရိုက်နှက်ခဲ့သည့်အတွက် ဦးခေါင်းတွင် ဖူးယောင်ဒဏ်ရာတစ်ချက်၊ ၀ဲလက်ဖျံ၌ ပွန်းပဲ့ဒါဏ်ရာတစ်ချက်၊ ယာဘက်ခြေသလုံးပွန်းပဲ့ဒါဏ်ရာတို့ ရရှိခဲ့သည်။ ထို့နောက် ကိုင်ဆောင်ထားသည့် Huawei အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး နှင့် ငွေ ၈ သောင်းကျပ်တို့ကို လုယူကာ ထွက်ပြေးသွားခဲ့ကြသည်။
ကားအား ဆက်လက်မောင်းနှင်လာစဉ် ရေတာရှည်မြို့အ၀င်တွင် လှည့်ကင်းဆောင်ရွက်လာသည့် ရဲတပ်ဖွဲ့ဝင် များအားတွေ့၍ ဖြစ်စဉ်ကိုပြောပြတိုင်တန်းခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့မှ လိုက်လံပိတ်ဆို့စုံစမ်းခဲ့ရာ နံနက် ၅ နာရီခွဲအချိန်တွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သန်းမြတ်စိုး ၂၁ နှစ်၊ တုံးခေါင်း ကျေးရွာ၊ သာဂရမြို့နေသူအားရေတာရှည်မြို့ မြောက်ဘက်ညောင်ပင်ကိုင်ကျေးရွာနှင့်ဝါးတောကြီး ကျေး ရွာလမ်းဆုံအကြား ကားလမ်းတွင်ဖမ်းဆီးရမိခဲ့သည်။ ၄င်း၏အစစ်ခံထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန် ရာ၌ အုန်းသီး(ခ)ကိုမျိုး ၃၅ နှစ်၊ အမတ်ကြီးခုံကျေးရွာ၊ ဆွာမြို့ နှင့် ၄င်း၏ဇနီးဖြစ်သူ မစိုးစိုး ၁၉ နှစ်၊ ဦးကြီး (ခ)သက်ဇော်အောင် ၃၄ နှစ်တို့ပါဝင်ကြောင်းသိရ၍ ရဲတပ်ဖွဲ့မှဆက်လက်ဖေါ်ထုတ်ဖမ်းဆီးခဲ့ရာ အုန်းသီး(ခ)ကိုမျိုး၊ ၄င်း၏ဇနီးဖြစ်သူ မစိုးစိုး တို့အား အမတ်ကြီးခုံကျေးရွာမှလည်းကောင်း၊ ဦးကြီး(ခ) သက်ဇော်အောင် အား သာဂရနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်နိုင်ဦး နှင့်အဖွဲ့က တပ်ဖွဲ့ဝင် များက တုံးဂေါင်းကျေးရွာမှလည်းကောင်း အသီးသီးဖမ်းဆီးနိုင်ခဲ့၍ ရေတာရှည်မြို့မရဲစခန်းမှ (ပ)၂၇၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Isee Media







0 comments:
Post a Comment