ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အမေရိကန် နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာ လက်ထောက်ဝန်ကြီး မစ္စတာဒေးဗစ်ဟေးလ် (David Hale) သည် ဦးဆောင်သောအဖွဲ့တို့ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် အချက် (၂) ချက်ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။
၎င်းအချက်(၂) ချက်မှာ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်နေကြသည့် မွတ်ဆလင်များ နိုင်ငံသား ဖြစ်ရေးကိစ္စနှင့် လက်ရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်သည့် ကိစ္စဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌမှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
“ အဓိကတော့ ရခိုင်ပြည်နယ်တွင်း နေထိုင်နေကြတဲ့ ဘင်္ဂလီတွေရဲ့ နိုင်ငံသားရရှိရေးနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေရှိလဲဆိုတဲ့ကိစ္စကို ကျွန်တော်ကို မေးပါတယ်။ ဒါပေမယ့် နိုင်ငံသားပေးပါလို့ တိုက်တွန်းတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ လက်ရှိအခြေအနေအရ သူတိုရဲ့ နိုင်ငံသားဖြစ်မူ ရရှိမှု အခြေအနေ ဘယ်လိုရှိသလဲဆိုတာကို မေးတာ ဖြစ်ပါတယ်။ နောက်တစ်ချက်တော့ ဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး မေးပါတယ်” ဟု လွှတ်တော် ဥက္ကဋ္ဌမှ ပြောကြားသည်။
၎င်းမေးမြန်းချက်များ အပေါ် လွှတ်တော် ဥက္ကဋ္ဌမှ ယခု ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
“ သူတို့၏ နိုင်ငံသားရရှိရေးနဲ့ ပတ်သက်ပြီး ပြောပြတဲ့ အခါ ကျွန်တော်တို့မှာ ဥပဒေရှိတယ်။ မြန်နိုင်ငံ တည်ဆဲဥပဒေ ၁၉၈၂ အညီ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဥပဒေကို ကိုးကားပြီး ပြောဆိုပါတယ်။ စစ်ပွဲတွေအခြေအနေတွေကို မေးမြန်းတယ်။ ကျွန်တော်တို့က ပြောတယ်။ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ပြန်လည် ငြိမ်းချမ်းဖို့ ဘယ်လိုမြင်လဲဆိုပြီး သူက မေးပါတယ်။ ကျွန်တော်ကတော့ ဒီကိစ္စက ပြန်လည် ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်လို့ မရ။ မဆွေးနွေးလို့ မရ။ အခု ဖြစ်နေတဲ့ အခြေအနေဟာ ဆွေးနွေးခြင်းမှ တစ်ပါးမရှိ။ ညှိနိုင်းဆွေးနွေးမှုကို လုပ်ကို လုပ်ရဖို့။ ဆွေးနွေးခြင်းဖြင့်သာ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ကျွန်တော် ပြောပြလိုက်တာ ရှိပါတယ်”ဟု ပြောဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ထိခိုက် နစ်နာမှုများ ရှိနေခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆိုဆွေးနွေးခြင်းများ မရှိဟု လွှတ်တော် ဥက္ကဋ္ဌက ဆက်လက် ပြောဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာ လက်ထောက်ဝန်ကြီး မစ္စတာဒေးဗစ်ဟေးလ် ဦးဆောင်သောအဖွဲ့ဝင်များသည် မေလ ၂ ရက် မွန်းလွဲ ၃ နာရီတွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဥက္ကဋ္ဌဧည့်ခန်းမတွင် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးရာတွင် တစ်ခြား အကြောင်းကိစ္စရပ်တစ်ချို့ကို ထည့်သွင်း ပြောဆိုခြင်းများရှိခဲ့ပြီး ယင်းအထဲတွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသူများနှင့် ဒုက္ခသည်များအခြေအနေ၊ အမေရိကန်နိုင်ငံမှ NGO,INGO များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လက်ရှိမြန်မာနိုင်ငံ၏ ပြုပြောင်းလဲမှုနှင့် စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ
အခြေအနေနှင့် တွေ့ဆုံညှိနှိုင်းမှုဖြင့် အဖြေရှာနိုင်မည့်အခြေအနေများ၊ မတူညီသော လူမျိုး၊ မတူညီသော ဘာသာကြား အမုန်းတရားပြန့်ပွားနေမှု များ လျှော့ချရေးဆိုင်ရာများ၊ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်စနစ်ကွာဟမှု အားနည်းချက် အားသာချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နှင့် သံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာ လက်ထောက်ဝန်ကြီး David Hale သည် မေလ ၂ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် ရပ်မိရပ်ဖများနှင့်ပါ တွေ့ဆုံခဲ့သည်။
Narinjara



No comments:
Post a Comment