Tuesday, May 28, 2019

တရားမဝင် တင်သွင်းလာသည့် ပလတ်စတစ် အမှိုက်များကို မူလနိုင်ငံများဆီ မလေးရှား ပြန်ပို့မည်


မလေးရှားနိုင်ငံဟာ အလေးချိန် တန်သုံးထောင်ကျော်ရှိတဲ့ ပလတ်စတစ် အမှိုက်တွေကို မူလနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ မလေးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက မေလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ 
တရားမဝင် တင်သွင်းလာတဲ့ အမှိုက်ကုန်သေတ္တာ အလုံး ၆၀ ကို မူလနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ စွမ်းအင်၊ နည်းပညာ၊ သိပ္ပံ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး ယောင်ဘီးယဉ်က ပြောလိုက်တာပါ။ 

အဲဒီအမှိုက်တွေဟာ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံထက်မနည်းက အမှိုက်တွေဖြစ်တယ်လို့ မလေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။ 

သူတို့ဟာ မလိုချင်တဲ့ အမှိုက်တွေကို ပြန်သန့်စင်သုံးစွဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ခဲ့တာလို့ တာဝန်ရှိသူတွေက ဆက်ပြောပါတယ်။ 

တရုတ်က နိုင်ငံတွင်း အမှိုတ်တင်သွင်းတာကို ပိတ်ပင်လိုက်ပြီးနောက် ၂၀၁၈ ခုနှစ်မှာ မလေးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ်အမှိုက်တွေ အဓိကစုဝေးတဲ့နိုင်ငံ ဖြစ်လာပါတယ်။ 

မလေးရှားနိုင်ငံမှာ အမှိုက်တွေကို ပြန်သန့်စင်တဲ့စက်ရုံ ဒါဇင်နဲ့ချီရှိပြီး တော်တော်များများက တရားဝင်လိုင်စင်မရှိဘဲ လုပ်ကိုင်နေကြသလို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် ဒေသခံတွေရဲ့ မကျေမနပ် တိုင်ကြားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment