Thursday, May 2, 2019

ဆိုင်ကလုန်းမုန်တိုင်း ”ဖန်နီ”နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်မှာကြား


အလွန့်အလွန် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ”ဖန်နီ”နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ထံ ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့(ဧပြီ ၂)မွန်းလွဲပိုင်းက အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၌ မုန်တိုင်းနှင့်ပတ်သက်၍ စတင်ဖြစ်ပေါ်မှုအခြေအနေ၊ လက်ရှိ မုန်တိုင်းဦးတည်ရွေ့လျားနေမှု အခြေအနေနှင့် မုန်တိုင်း၏သက်ရောက်နိုင်သည့် အခြေအနေတို့ကိုရှင်းလင်းတင်ပြကြသည်။ 
ပြည်ထောင်စုဝန်ကြီးက ဆိုင်ကလုန်းမုန်တိုင်း ”ဖန်နီ”နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)အနေဖြင့်အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သတင်းထုတ်ပြန်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များနှင့် ပညာရှင်များ၏ သုံးသပ်ချက်များကို ဂရုပြုအလေးထားဆောင်ရွက်ရန်၊ အဆိုပါ ဆိုင်ကလုန်း ဖြစ်ပွားနိုင်သည့်နေရာများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရမည့်အခြေအနေများကို အမျိုးသားသဘာဝဘေးအ္တရာယ် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်နယ်/တိုင်းဒေသကြီး ဦးစီးမှူးရုံးများသို့ သတင်းပေးပို့အကြောင်းကြားရန်၊ ဖန်နီမုန်တိုင်း သက်ရောက်နိုင်ခြေရှိသော ရခိုင်ပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်မှု၊ မိုးရွာသွန်းမှုအခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်၊ မြန်မာနိုင်ငံတွင် ယခင်ကဖြစ်ခဲ့ဖူးသော မုန်တိုင်းများနှင့် မုန်တိုင်းအဖျားခတ်မှုများကြောင့် ထိခိုက်မှုဖြစ်စဉ်များကဲ့သို့ ပြည်သူလူထု ထိခိုက်ခံစားကြရမှုများ မဖြစ်ပွားစေရေးအတွက် ဂရုစိုက်သတိပြုကြရန်၊ မြန်မာနိုင်ငံသို့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ရန် အခြေအနေမရှိကြောင်း သိရသော်လည်း ထိခိုက်နိုင်ခြေရှိသော ဒေသများတွင် ဌာနဆိုင်ရာများ၊အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်ကြိုတင်ချိတ်ဆက်၍ လိုအပ်သည်များကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ဆက်သွယ်ရေးပိုင်းတွင်လည်း မလိုလားအပ်သည့် အခက်အခဲများမဖြစ်ပေါ်စေရန်သတင်းပေးပို့သည့် အချက်အလက်များရှင်းလင်းမှုရှိရန် မှာကြားခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်
Popular News Journal 



0 comments:

Post a Comment