အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကို ဂျကာတာနှင့်ဝေးရာသို့ ရွှေ့ပြောင်းမည်ဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံတော် စီမံကိန်းဝန်ကြီး ဘမ်ဘန်းဘရိုဂျိုဂိုရိုက ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
စီမံကိန်းဝန်ကြီး ဘမ်ဘန်းဘရိုဂျို ဂိုရို၏အဆိုအရ သမ္မတဂျိုကိုဝီဒိုဒိုသည် မြို့တော်ကို နေရာပြောင်းရွှေ့ရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
မြို့တော်အသစ် တည်ထားမည့်နေရာ မည်သည့်နေရာဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ သို့သော် နိုင်ငံပိုင်မီဒီယာ၏ သတင်းကြေညာချက်များအရဆိုလျှင် ဘွန်နီယိုကျွန်းပေါ်ရှိ ပါလန်ကာရာသည် မြို့တော်သစ်ဖြစ်ရန် တစ်ပြေးနေသည်ဟုဆိုသည်။
လူဦးရေ ၁၀ သန်းကျော်ခန့်ရှိသည့် ဂျကာတာမြို့သည် ကမ္ဘာပေါ်တွင် အမြန်ဆုံးနှုန်းဖြင့် နိမ့်ဝင်လျက်ရှိသည်။ သို့သော် အဆိုပါ အကြောင်းအရင်းကြောင့် မြို့တော် ရွှေ့ပြောင်းရန် စီစဉ်ခြင်းဖြစ်သည်ဟူသောအချက်ကို ထုတ်ပြန်ခြင်းမရှိပေ။
ပြီးခဲ့သည့် ဧပြီလတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ ဂျိုကိုဝီဒိုဒို အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် မြို့တော်ရွှေ့ပြောင်းမည့် အစီအစဉ်လည်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲ တရားဝင်ရလဒ်များကို မေလ ၂၂ ရက်နေ့ မတိုင်ခင်အထိ ကြေညာဦးမည်မဟုတ်ပေ။
အင်ဒိုနီးရှားတွင် မြို့တော်ရွှေ့ပြောင်းမည့်အရေးကိစ္စမှာ ၁၉၄၅ ခုနှစ် ဒတ်ခ်ျတို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးကတည်းက မကြာခဏ ဆိုသလို ဆွေးနွေးပြောဆိုဖြစ်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။
၂၀၁၆ ခုနှစ်က ပြုလုပ်သော စစ်တမ်းတစ်ရပ်အရ မီဂါမြို့တော်အဆင့်ရှိ ဂျကာတာသည် ကမ္ဘာပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးဖြစ်ပေါ်သည့်မြို့အဖြစ် သတ်မှတ်ခံရသည်။အစိုးရဝန်ကြီးများအနေနှင့် အစည်းအဝေးပွဲများသို့ အချိန်မီ ရောက်ရှိရေးအတွက် ရဲတပ်ဖွဲ့ယာဉ်တန်း အကူအညီဖြင့် သွားရောက်ကြရသည်။
စီမံကိန်းဝန်ကြီး ဘမ်ဘန်းဘရိုဂျို ဂိုရိုက ယာဉ်ကြောပိတ်ဆို့မှုကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ ကုန်ဆုံးနေရကြောင်း ပြောကြားသည်။
The Voice

No comments:
Post a Comment