မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ CPI ကုမဏီတို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်မည် မြစ်ဆုံစီမံကိန်းစာ ချုပ်အား အများပြည်သူသိရှိစေရန်ချပြခြင်းနှင့်မိတ္တူကူးခွင့်ပြုရန်အတွက် နိုင်ငံတော်သမ္မတ၊ဒုတိယသမ္မတနှစ်ဦး အပါအ၀င် အစိုးရထိပ်တန်းတာဝန်ရှိသူ ၅၀ ကျော်ထံသို့စာပေးပို့သွားမည်ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းကပြောကြားသည်။
“ဒီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့တာဝန်နဲ့လုပ်ပိုင်ခွင့်ဟာ ကျွန်တော်တို့ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့၊ အာဏာအပ်နှင်းထားတဲ့ အစိုးရနဲ့လွှတ်တော်ရဲ့တာဝန်ဖြစ်တယ်။အဲ့တော့ ကျွန်တော်တို့စာပို့မှာ။နိုင်ငံတော် သမ္မတနဲ့ဒုတိယသမ္မတနှစ်ဦး။အဲဒိသုံးဦးဆီကိုပို့မယ်။အတိုင်ပင်ခံဆီပို့မယ်။ပြည်သူ့လွှတ်တော်နာယကဆီပို့မယ်။အမျိုးသားလွှတ်တော်ဥက္ကဌဆီကိုပို့မယ်။ဝန်ကြီး ၂၁ ဦးဆီကိုပို့မယ်။ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် ၁၄ ဦးဆီပို့မယ်။နောက်ပြည်နယ်နှင့်တိုင်း လွှတ်တော်ဥက္ကဌ ၁၄ ဦးဆီပို့မယ်။စုစုပေါင်း ၅၀ ကျော်ဆီကိုစာတိုက်က နေ ပို့မှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ပြောကြားသည်။
မြစ်ဆုံစီမံကိန်းစာချုပ်အား မိတ္တူကူးခွင့်ပြုရန် နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတတို့ထံ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် တင်ပြစာကို မေ ၂၉ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။
“ဘယ်နေ့ပို့မလဲဆိုရင် ကျွန်တော်တို့မနက်ဖြန်ပို့မှာပါ”ဟု ဦးဇော်ရမ်းကပြောကြားသည်။
ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်ရှိ Home of Orchid ဟိုတယ်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ချုပ် ဆိုခဲ့သည့် စာချုပ်အား မေလ ၂၈ရက် မှ စတင်ကာ ဇွန်လ ၂၈ရက်အတွင်း စီမံကိန်းနှင့်သက်ဆိုင်သည့်စာချုပ်များအား အများပြည်သူသိရှိစေ ရန်ချပြ ပေးရန်နှင့်မိတ္တူကူးခွင့်ပြုရန် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်တောင်းဆိုခဲ့ပြီး ယင်းသတ်မှတ်သည့်အချိန်အတွင်း ချပြခြင်းမပြုပါက အခြားနည်းလမ်းများဖြင့်ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ယင်းသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင်ပြောကြားခဲ့သည်။
အဆိုပါ မြစ်ဆုံစီမံကိန်းသည် နိုင်ငံ၏ နိုင်ငံရေး၊စီးပွားရေး၊သဘာဝပတ်ဝန်းကျင်၊လူမှုပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် အချုပ်အခြာအာဏာကို ထိခိုက်ဆုံးရှုံးမည့်အရေးအထိ အကျိုးသက်ရောက်မှုရှိသည့်အတွက် ယခုကဲ့သို့ စီမံကိန်းအားဖျက်သိမ်းရန်တောင်းဆိုခြင်းဖြစ်ကြောင်း၊စီမံကိန်းနှင့်သက်ဆိုင်သည်စာချုပ်အားသိရှိပိုင်ခွင့် သည် မွေးရာပါအခွင့်အရေးဖြစ်ကြောင်းနှင့်နိုင်ငံသားများအား ပွင့်လင်းမြင်သာစွာ အသိပေးချပြရန်သည် နိုင်ငံတော် အာဏာကိုရယူထားသူတို့၏တာဝန်ဖြစ်ကြောင်းလည်း မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ ထုတ်ပြန်ချက်အရသိရသည်။
The Fifth Wave News







0 comments:
Post a Comment