Monday, May 27, 2019

စားသောက်ဆိုင်၌ ရိုက်မှုဖြစ်ပွား ။ အပြန်အလှန် အမှုဖွင့်


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်- မန္တလေးကားလမ်းဘေးက ရွှေကြယ်ပွင့် KTV စားသောက်မှာ မေလ၂၅ရက် ည၉နာရီက ရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်တံခါး မြို့မ ရဲစခန်းက တာဝန်ရှိသူ ကပြောပါတယ်။ 
ရွှေကြယ်ပွင့် KTV စားသောက်ဆိုင်ကို ဖွင့်လှစ်ထားတဲ့ ကျော်တေဇ ဟာ နေအိမ်အတွင်းရှိနေစဉ် ငွေရှင်းကောင်တာမှာထိုင်နေတဲ့ ဇနီးဖြစ်သူ မနွယ်နီစိုးရဲ့ အော်ဟစ်သံတွေ ကြားတာကြောင့် ဆိုင်အတွင်း သွားရောက်ကြည့်ရှုရာ ဆိုင်အတွင်းဘက်က ဇနီးဖြစ်သူ ပြေးထွက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 
အဲလို ပြေးထွက်လာတဲ့ ဇနီးဖြစ်သူ ကို မေးမြန်းရာ ဆိုင်ကိုလာတဲ့ ဧည့်သည် ဇော်မြင့်၊ ဖြူဝင်း၊လင်းအောင်၊ ထွန်းမင်းလတ်၊ ကျော်ဝင်းအောင်နဲ့ မောင်ထွန်း တို့ဟာ ဆိုင်ဝန်ထမ်းအမျိုးသမီး အချိန်မပြည့်ပဲ ထွက်သွားတာကြောင့် လိုက်လံခေါ်ဆောင်စဉ် ဆိုင်ဝန်ထမ်းတွေနဲ့ စကားများထိုးကြိတ်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖြစ်ပွားတာကို မနွယ်နီစိုးက ဖျန်ဖြေပေးရာကနေ ထိခိုက်ဒဏ်ရာရရှိပြီး အတွင်းလူနာ အဖြစ် ကျောက်တံခါး ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။ 
ဇနီးဖြစ်သူကို ဆေးရုံကို ပို့ဆောင်ပြီးအပြန်မှာ ဆိုင်အတွင်း ရပ်တန့်ထားတဲ့ Alphard အမျိုးအစားယာဉ်ဟာလည်း ရှေ့လေကာမှန်၊နောက်ကြည့်မှန်၊ဝဲယာတံခါးမှန်နဲ့ နောက်လေကာမှန်တွေ ပျက်စီးခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဆိုင်မှာ တပ် ဆင်ထားတဲ့ Aircon ၅ လုံးနဲ့ ဆိုင်တံခါးမ ကြီးမှာလည်း ကျိုးပဲ့ပျက်စီးတာတွေ ကိုတွေ့ရှိ ရတာကြောင့် မေးမြန်းကြည့်ရာ ဇော်မြင့် အပါအဝင် ၆ဦးက ကျောက်ခဲတွေ တုတ်တွေနဲ့ ထုရိုက်သွားတာဖြစ်တယ်လို့ ခြံစောင့်ဖြစ်သူ ဦးသူရမြင့် ပြောပြလို့ သိရတယ်လို့ ဆိုပါတယ်။ 
ဇနီးဖြစ်သူကို ဒဏ်ရာရရှိအောင်ပြုလုပ်ပြီး စားသောက်ဆိုင် အတွင်းက ကား၊ Airconတွေနဲ့ ဆိုင်တံခါးကို ဖျက်စီးသွားသူ ဇော်မြင့် အပါအဝင် ၆ဦးကို ကျောက်တံခါးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၄၂၇/၁၁၄ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 
ဒါ့အပြင် တဖက်အုပ်စုကလည်း ဆိုင်ပိုင်ရှင်နဲ့ ဝန်တမ်းတွေကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၄၂၇/၅၀၆/၁၁၄ နဲ့ အပြန်အလှန် အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 










သတင်း- ခင်ကို(ကျောက်တံခါး)
One News Myanmar 

0 comments:

Post a Comment