နိုင်ငံရေး အကျပ်အတည်းအောက် ကျရောက်နေချိန် ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကက်စ်ရဲ့ လမ်းမတွေပေါ်မှာ ယမန်နေ့ ဧပြီ ၃၀ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အဓိကရုဏ်းတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
သမ္မတ နီကိုလပ်စ် မာဒူရို အပေါ် ဆန့်ကျင်ရာမှာ စစ်တပ်က ပူးပေါင်းပါဝင်ဖို့ အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုက တောင်းဆိုလိုက်ပြီးနောက် ခုလို ဆန္ဒပြပွဲ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလိုမျိုး အဓိကရုဏ်းတွေကတော့ နိုင်ငံမှာ မိမိတို့ အစိုးရကို အာဏာသိမ်းဖို့ ရည်ရွယ်ကြိုးပမ်းခြင်းဖြစ်တယ်လို့ သမ္မတ မာဒူရိုက စွပ်စွဲလိုက်ပြီး ယင်းအာဏာသိမ်း ကြိုးပမ်းမှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလို ပဋိပက္ခတွေ မြို့တွင်းမှာ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး နောက်တစ်နေ့ မေ ၁ ရက်မှာတော့ အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုက ၎င်းအပေါ် ထောက်ခံသူတွေအနေနဲ့ ခုလို ဆန္ဒပြမှုတွေ ဆက်လုပ်ပြီး မာဒူရိုအစိုးရ ပြုတ်ကျရေး ကြိုးပမ်းကြဖို့ ထပ်မံ နှိုးဆော်တိုက်တွန်းသွားပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ မစ္စတာ မာဒူရိုဟာဆိုရင် ခုလို နိုင်ငံ မတည်မငြိမ်ဖြစ်မှုကနေ ရှောင်တိမ်းထွက်ပြေးဖို့ ကျူးဘားကို လေယာဉ်နဲ့ သွားရောက်ဖို့ အသင့်ပြင်ထားတယ်လို့ အမေရိကန်အစိုးရကလည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယင်းနိုင်ငံမှာ ခုလို အဓိကရုဏ်းတွေ၊ ရှုပ်ထွေးမှုတွေ ပိုမိုအရှိန်မြင့်ဖြစ်ပေါ်လာနေစဉ်မှာ သမ္မတ မာဒူရိုအစိုးရရဲ့ စစ်တပ်အပေါ် ချုပ်ကိုင်ထားမှုကလည်း လက်ရှိမှာ ပြေလျော့လာနေတဲ့ လက္ခဏာရပ်တွေလည်း ရှိလာနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ခုချိန်မှာ စစ်တပ်အကြီးအကဲတွေက ၎င်းအပေါ်မှာပဲ အပြည့်အဝ သစ္စာစောင့်သိနေကြောင်း မာဒူရိုက တွစ်တာကနေတဆင့် ထုတ်ပြန်ထားပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment