Wednesday, May 29, 2019

ဆရာတော် ဦးဝီရသူနှင့်ပတ်သက်ပြီး မဘသအဖွဲ့များအား တုံ့ပြန်ရန် ညွှန်ကြားထားခြင်း မရှိ၊ အဖမ်းခံမည်ဟုဆို


ဆရာတော်ဦးဝီရသူနှင့် ပတ်သက်ပြီး မဘသ အဖွဲ့များအား တုံ့ပြန်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း ဦးဝီရသူနှင့် နီးစပ်သူ အမျိုးသားရေးဆရာတော် ဦးဝီရရာဇ က မိန့်ကြားသည်။ 
အနောက်ပိုင်းခရိုင် တရားရုံးမှ ဝရမ်းထုတ်ထားသည်ဆိုသော ဆရာတော် ဦးဝီရသူအနေဖြင့် ထွက်ပြေးမည် မဟုတ်ဘဲ အဖမ်းခံမည် ဟု ထင်ကြောင်း ဆရာတော် ဦးဝီရရာဇ က မိန့်ကြားသည်။

"ဆရာတော်က ထွက်ပြေးမှာ မဟုတ်ဘူး။ အဖမ်းခံမယ်ထင်တယ်။ နောက်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ မဘသ အဖွဲ့တွေကို ညွှန်ကြားထား တာမရှိဘူး" ဟု ဆရာတော် ဦးဝီရရာဇ က The Fifth Wave သတင်းဋ္ဌာန ဆက်သွယ်မေးမြန်းမှုအား ပြန်လည်မိန့်ကြားသည်။
မေ လ ၅ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောချက်များ သည် အုပ်ချုပ်ရေးမဏ္ဍိုင်အား စော်ကားသည် ဟုဆိုကာ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက အနောက်ပိုင်း ခရိုင် တရားရုံးတွင် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဦးတိုက်လျှောက်ထားမှုကြောင့် ဆရာတော် ဦးဝီရသူ အား ပုဒ်မ ၁၂၄ (က) ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး က တရားစွဲဆို ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းသံဃာ့နာယက အဖွဲ့ကလည်း ဆရာတော် ဦးဝီရသူ အား လူမှုရေးကိစ္စများတွင် ပါဝင်ခြင်းမပြုရန်အတွက် ခေါ်ယူသြဝါဒ ပေးရန်အတွက် ဆရာတော်အား မေ ၃၀ ရက် တွင် ဆင့်ခေါ်ထားသည်။
ယင်းဆင့်ခေါ်စာနှင့်ပက်သက်ပြီး ဆရာတော်ဦးဝီရသူနှင့် သာသနာရေး ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတို့ ဖုန်းအပြန်အလှန် ပြောဆိုမှုတွင် ဆရာတော် က တိုင်းသံဃာနာယက အဖွဲ့အား ဝေဖန်ပြောကြားထားသည်။

Photo : MPA
The Fifth Wave News

No comments:

Post a Comment