ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အတွင်းရှိ ကမ်းပါးပြို၍ ယာယီပြောင်းရွှေ့ထားသော ကျေးရွာများ သောက်သုံးရေ အခက်ကြုံ
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းပါးပြို၍ ယာယီပြောင်းရွှေ့ထားသော ကျေးရွာများတွင် သောက်သုံးရေများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ကဝမြို့နယ်အတွင်းရှိ မမောက်ရွာ၊ တံတားဦးရွာ၊ ရေကျော်ရွာ၊ အရိုးပုံ၊ ဂါးကြီးစွန်း ကျေးရွာများနှင့် ပင်လယ်ကမ်းနဖူး ကျေးရွာများတွင် ပင်လယ်ကမ်းပါးပြို၍ သောက်သုံးရေကန်များ မရှိတော့ခြင်း၊ ကျန်ရှိသော သောက်သုံးရေကန်များ ခန်းခြောက်သွားခြင်းနှင့် ယခုနှစ်အတွင်း စံချိန်တင် အပူချိန် မြင့်မားမှုဒဏ်များကြောင့် သောက်သုံးရေအတွက် အခက်အခဲများ ဖြစ်ပေါ်နေပြီး လာရောက် လှူဒါန်းသူများ နည်းပါးနေသည်။
ကဝမြို့နယ် အတွင်းရှိ ပင်လယ်ကမ်းနဖူးတွင်ရှိသော ကျေးရွာများသည် နှစ်စဉ်ပင်လယ်ကမ်းပါး ပြိုကျမှုကြောင့် နေရာအတည်တကျ နေထိုင်၍ မရဘဲ ပြောင်းရွှေ့နေရခြင်း ရေကန်များနှင့် မိုးရေကိုခံယူကာ သုံးစွဲနေရ၍ နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှုဒဏ်ကို ခံစားနေရပြီး ယခုနှစ်တွင် အဆိုးရွားဆုံးဖြစ်၍ နှစ်စဉ်ရေခန်းခြောက်ခြင်း မရှိသော ရေကန်ကြီးများပါ ခန်းခြောက်ကုန်၍ သောက်သုံးရေအတွက် ဒုက္ခကြုံ နေရကြောင်း သိရသည်။
“ကျွန်မတို့ ဒီရွာတွေက တပေါင်းတန်ခူးဆို ရေပြတ်တာများတယ်။ ဒါပေမယ့်ရှိတဲ့ကန်တွေက မျှသုံးကြတော့ တော်သေးတယ်။ ဒီနှစ်တော့မျှသုံးစရာ ကန်တွေမှာကို မရှိတော့တာ။ ငွေကြေးပြည့်စုံတဲ့ သူတွေကတော့ ပဲခူးမြို့ပေါ် ပြောင်းတာများတယ်။ အဆင်မပြေတဲ့သူတွေက ဒီအနီးအနားမှာပဲ ရွာတည်ပြီး ပြန်နေကြတယ်။ ကမ်းပြိုတာကလည်း အဆုံးမသတ်သေးဘူး။ ဒီမိုးတွင်းထပ်ပြိုလာရင် ထပ်ပြောင်းရမယ်။ သူများတွေထက် ပိုဆိုးပါတယ်။ ရေဒုက္ခရော၊ နေစရာမြေဒုက္ခပါ စိတ်မအေးရတာပါ။ ရေလာလှူတဲ့သူတွေကိုပဲ နေ့စဉ်မျှော်နေရတာပါ” ဟု မမောက်ရွာသစ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ် အတွင်းရှိ ကမ်းပြိုကျေးရွာများ၏ နေရာအတည်တကျဖြစ်ရေး ကျောင်းနေကလေးများ အတည်တကျ ပညာသင်ကြားရေးနှင့် ရွာသားများ အလုပ်အကိုင် ရှာဖွေစားသောက်ရေး တို့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း ပြည်ထောင်စုအဆင့် ဆောင်ရွက်မည်ဟုသာ ပြောကြားပြီး ထိရောက်သော ကူညီမှုများ ယခုအချိန်အထိ မရရှိသေးကြောင်း သိရသည်။
No comments:
Post a Comment