၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေအား ပဲန်မြန်မာမိတ်ဖက်အဖွဲ့အစည်းများက အကဲဖြတ်သုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ရာတွင် မြန်မာ့သတင်းမီဒီယာလွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့် သုညမှတ်သာရရှိကြောင်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းဈေးလမ်းရှိ ပဲန်မြန်မာစင်တာရုံးခန်း၌မေ ၂ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက်ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပဲန်မြန်မာဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းက ပြောကြားသည်။
၂၀၁၉ ခုနှစ် မေလအတွက် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ခြင်း တွင် ညွှန်းကိန်း ခြောက်ခုအနက် တစ်ခုချင်းစီအတွက် သုညမှ ၁၀ မှတ်အထိပေးပြီး သုညမှတ်သည် အနိမ့်ဆုံး ရမှတ်ဖြစ်ကာ ၁၀ မှတ်သည် အမြင့်ဆုံးရမှတ်ဖြစ်၍ ရနိုင်စရာ အလားအလာရှိသည့် အမှတ်စုစုပေါင်းမှာ သုည မှတ်မှ ၆၀ မှတ်အထိရှိကြောင်း သိရသည်။
အဆိုပါ စုစုပေါင်း ရမှတ် ၆၀ အနက်မှ ယခု ၂၀၁၉ ခုနှစ်အတွက် ရမှတ်ပေါင်းခြောက်မှတ်သာ ရရှိခဲ့ပြီး အကဲဖြတ်ချက်များက မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အား လုံခြုံစိတ်ချစေရန် အရေးပါသော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာ၌ ထူးထူးခြားခြား တိုးတက်မှုမရှိခြင်းကိုသာမက အချို့နယ်ပယ်များတွင်ထူးထူးခြားခြား နောက်ပြန်လျှောကျမှုဖြစ်နေခြင်းကို ညွှန်ပြနေကြောင်း မေ ၂ ရက်တွင်ထုတ်ပြန်သည့် ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။ထောင်နှုတ်ခမ်းပေါ်မှာ"ဒီသုံးသပ်ချက်တွေက နောင် ရှေ့အလားအလာတွေအတွက် ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုလို့ရှိရင် ဒီသုံးသပ်ချက်တွေအပေါ်မှာ အခြေခံပြီးတော့ အစိုးရအနေနဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ သတင်းသမားတွေက ထောင်နှုတ်ခမ်းပေါ်မှာ လမ်းလျှောက်ပြီးတော့ အလုပ်လုပ်နေကြရတဲ့ သူတွေဆိုတာအားလုံးအသိပဲ ဖြစ်ပါတယ်။ အမှုပေါင်းများစွာ ရင်ဆိုင်နေကြရတယ်။ ကိုယ့်ကိုယ်ကိုယ်ဆင်ဆာလုပ်ရတယ်။ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိလဲ။ သတင်းရယူခွင့်ဘယ်လောက်ရှိလဲ၊ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါတွေအတွက်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ စံနှုန်းကို တိုင်းဖို့အတွက် ဒီထုတ်ပြန်ချက်တွေကိုတော့ အစိုးရအနေနဲ့အသိအမှတ်ပြုဖို့လိုလိမ့်မယ်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောချင်ပါတယ်"ဟု ပဲန်မြန်မာ၏ဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းကပြောဆိုသည်။
အကဲဖြတ် ဆွေးနွေးမှုတွင် ပါဝင်သူ ကျွမ်းကျင်အဖွဲ့အစည်းများက ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များ၊ သတင်းမီဒီယာအမှီအခိုကင်းမှုနှင့်လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်းစသော အခြေအနေ အချက်အလက်များ အားကောင်းခိုင်မာရေးအတွက် ဆောင်ရွက်ရန် လိုအပ်သော အဓိက နယ်ပယ်များအတွင်းနိုင်ငံတော် အစိုးရ၏ လ်ုပ်ဆောင်ချက် တိုးတက်မှု သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများအား ဆွေးနွေးသုံးသပ် အကဲဖြတ်ခဲ့ကြပြီး နယ်ပယ်တစ်ခုစီအတွက် ဦးစားပေးအကြံပြုချက်များကို တင်ပြခဲ့ကြသည်။
စစ်အစိုးရ အုပ်ချုပ်မှုကာလအတွင်း ဆယ်စုနှစ်များနှင့်ချီကာ ကြုံတွေ့ခဲ့ရသည့်ဖိနှိပ်ချုပ်ချယ်မှုများနှင့် ပတ်သက်သော စိန်ခေါ်မှုများမှာ ထူးခြား အရေးပါသော အရာများဖြစ်ြပီး NLD အစိုးရအနေဖြင့် ယင်း၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ပြုပြင်ပြောင်းလဲမှုများအား လုပ်ဆောင်ရန် အခိုင်အမာကတိပြုထားကာ ကနဦးကြိုးပမ်းမှုအချို့ လုပ်ဆောင်ခဲ့သည်ကို ပါဝင်အကဲဖြတ်သူတို့က အသိအမှတ်ပြုကြသော်လည်း အပြောင်းအလဲ အနည်းငယ်သာရှိရာမှ အပြောင်းအလဲ လုံးဝမရှိသော နယ်ပယ်များစွာရှိခဲ့သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နယ်ပယ်အချို့တွင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်ပျက်ကွက်ရုံ သာမက လွတ်လပ်စွာ ရေးသားထုတ် ဖော် ပြောဆိုခွင့်အား ခြိမ်းခြောက်သည့်ကိစ္စရပ်များတွင်လည်း ပါဝင်ပတ်သက် နေကြောင်း မိတ်ဖက်ကျွမ်းကျင်သူများက ဝေဖန်ထောက်ပြခဲ့ကြသည်။
သို့ဖြစ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို နိုင်ငံတကာ ဒီမိုကရက်တစ် စံချိန်စံညွှန်းများနှင့်အညီဖြစ်အောင် ပြင်ဆင်ရန်၊ထိုပြင်ဆင်ချက်တွင် ကြိုတင်စီစဉ်ထားခြင်းမရှိသော အလိုအလျောက် ဖြစ်ပေါ်သည့်ကန့်ကွက်ဆန္ဒပြမှုများအပါအ၀င် ဆန္ဒပြမှုများကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးရေးနှင့် ဆန္ဒပြကန့်ကွက်မှုများကို ရပ်ဆိုင်းစေရန် လောလောဆယ်လွဲမှားစွာ အသုံးပြုနေသည့် ပြဋ္ဌာန်းချက်များအားလုံး ဖယ်ရှားပေးရေးကို နိုင်ငံတော်ကတာဝန်ယူသင့်ကြောင်း ပဲန်မြန်မာ၏ အတွင်းရေးမှူး ဦးဟန်ဇော်က ပြောဆိုသည်။
" လွတ်လပ်စွာ ပြောဆိုမှု အခြေအနေက စိုးရိမ်စရာကောင်းတဲ့ အခြေအနေကိုမြင်ရပါတယ်။ ဒါကို ဘာလို့ ထုတ်ဖော်ပြီး ပြောပြရလဲဆိုရင် ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးက လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ပါ။ သူသာ အားကောင်းမယ် ဆိုရင်ပိုပြီးအရေးကြီးတဲ့ လုံခြုံမှုအပါအ၀င် အုပ်ချုပ်မှုအပိုင်းတွေ ကောင်းမွန်တဲ့ အထောက်အပံ့တွေ အများကြီး ရနိုင်တယ်" ဟု ဦးဟန်ဇော်က ပြောဆိုသည်။
ထို့ကြောင့် ဆန္ဒပြကန့်ကွက်မှုများကို ပိတ်ပင်တားဆီးရန် အခွင့်အာဏာကိုဖယ်ရှားပစ်သင့်ပြီး မည်သို့သော အခြေအနေများတွင် ဆန္ဒပြကန့်ကွက်မှုတစ်ခုကိုမည်သို့မည်ပုံ လူစုခွဲနိုင်ကြောင်း ဥပဒေတွင် ရှင်းလင်းတိကျစွာ ဖော်ပြပါရှိသင့်ကြောင်းဦးဟန်ဇော်က ဆက်လက်ပြောဆိုသည်။
သတင်း - စိုးစိုးစံ
The Standard Time Daily

No comments:
Post a Comment