ကျိုင်းတုံမြို့မ ရဲစခန်းမှာ ပုံစံတူ ပစ္စည်းနဲ့ လဲလှယ်ထားတယ်လို့ ယူဆရတဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေ ထားရှိတဲ့ စတိုခန်းသော့ကို ကိုင်တဲ့ ရဲတပ်ကြပ်ကြီးဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စုံစမ်းသိရပါတယ်။
မူးယစ်ဆေးဝါးမှုတစ်ခုမှာ ဖမ်းဆီးရမိတဲ့ အိုက်စ် မူးယစ်ဆေး (၁)ကီလိုထုတ် (၁၀၃)ထုတ်ကို ကျိုင်းတုံမြို့မ ရဲစခန်းက စတိုခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီမူးယစ်ဆေးတွေကို မူးယစ်ဆေးဝါးနေ့အထိမ်းအမှတ် မီးရှို့ဖျက်ဆီးရေးအဖွဲ့ထံ ပေးပို့ဖို့ စစ်ဆေးရာကနေ အိုက်စ် (၁)ကီလိုထုတ် (၁၀၃)ထုတ်ထဲက (၆၄)ထုတ်ဟာ ခြေရာလက်ရာ ပျက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ခြေရာလက်ရာပျက်နေတဲ့ အိုက်စ် (၁)ကီလိုထုတ် (၆၄)ထုတ်ကို ဓာတုဗေဒဝန်ရုံးက ပေးပို့ထားတဲ့ အိုက်စ်နမူနာတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ ကွဲလွဲနေတယ်လို့သိရပါတယ်။
စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီး မြင့်နိုင်ဟာ မေလ (၁၅)ရက်ကတည်းက ခွင့်မဲ့ပျက်ကွက်ကာ တိမ်းရှောင်နေတာ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေကိုမေးမြန်းရာမှာ အိုက်စ် ကီလို (၆၀)ဟာ အခြားပုံစံတူ ပစ္စည်းနဲ့ အစားထိုးခံထားရတယ်လို့ သံသယရှိတာကြောင့် ဓာတုဗေဒစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အိုက်စ်မူးယစ်ဆေးတွေ လဲလှယ်ထားတယ်လို့ ယူဆရတဲ့ ဖြစ်စဉ်ကြောင့် စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီး မြင့်နိုင်ကို ကျိုင်းတုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
#ရွှေတြိဂံဒေသသတင်းလွှာ
The Fifth Wave News

No comments:
Post a Comment