Tuesday, May 28, 2019

မြန်မာထုတ် ဘတ်စ်ကားများ ဟောင်ကောင်နှင့် စင်ကာပူသို့ တင်ပို့မည်


မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သော SC Auto(Myanmar) ၏ ခရီးသည်တင် ဘတ်စ်ကားများကို ပြည်တွင်း၌ ရောင်းချမည့်အပြင် ဟောင်ကောင်နှင့် စင်ကာပူသို့ပါ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 
SC Auto(Myanmar) အနေနှင့် လတ်တလောတွင် တစ်နှစ်လျှင် ခရီးသည်တင်ယာဉ် အစီး ၁၀၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ရာ နောက်ပိုင်းတွင် အာဆီယံနိုင်ငံများနှင့် ဩစတြေးလျနိုင်ငံများအထိ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း ယင်းကုမ္ပဏီက ဆိုသည်။ 

အဆိုပါ စက်ရုံမှာ တစ်နှစ်လျှင် ကားအစီးရေ ၆၀၀ အထိ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ရုံဖြစ်သည့်အတွက် နောက်ပိုင်းတွင် ယင်းပမာဏအထိ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း SC Auto(Myanmar) ထံမှ သိရသည်။ 

အဆိုပါ စက်ရုံကို မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းစက်ရုံဖွင့်ပွဲတွင် စင်ကာပူနိုင်ငံအခြေစိုက် SC Auto(Myanmar) က ပထမဆုံး ထုတ်လုပ်ရောင်းချမည့် ဘတ်စ်ကားဖြစ်သော SC Neustar ကားသစ်များကိုလည်း မိတ်ဆက်ပြသခဲ့သည်။ 

SC Auto Group ကုမ္ပဏီကို ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အဆင့်မြင့် ဘတ်စ်ကားများကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

The Voice

No comments:

Post a Comment