Wednesday, May 1, 2019

ရန်ကုန်၌ အလုပ်အကိုင် အခွင့်အလမ်းများလာ ပြည်ပသွားလုပ်ကိုင်နေသူများ ပြန်လာနေဟုဆို


ရန်ကုန်၌ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာသည့်အတွက် ပြည်ပသို့ သွားရောက်အလုပ် လုပ်သူများ ပြည်တွင်းသို့ ပြန်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၁ ရက်တွင် ပြောဆိုသည်။ 
လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်း၌ မေ ၁ ရက် (မေဒေးနေ့ ) နံနက် ၇ နာရီခွဲတွင် ပြုလုပ် သော(၁၂၉)ကြိမ်မြောက် အလုပ်သမားနေ့အထိမ်းအမှတ်အခမ်းအနားတွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
''အလုပ်သမားထုတစ်ရပ်လုံးက ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေများတဲ့ အတွက် နိုင်ငံတကာမှာ သွားအလုပ်လုပ်နေတဲ့သူတွေတောင် ပြန်လာတာတွေရှိပါတယ်။ အမြို့မြို့ အနယ်နယ်ကနေ ရန်ကုန်ကိုလာပြီး အလုပ်လုပ်တဲ့မိသားစုနဲ့ ကင်းကွာပြီး ကိုယ့်ရဲ့မိသားစုဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ အခြေအနေမှာ ကိုယ့်ရဲ့လူမှုဘ၀တိုးတက်ရေးနဲ့ အလုပ်သမားထုဘ၀ကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေတွေဖြစ်ဖို့အတွက် ကြိုးစားဆောင်ရွက်ပါလို့ပြောချင်ပါတယ်'' ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောဆိုသည်။ 
ဆက်လက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရန်ကုန်မြို့တွင် များစွာပေါ်ထွန်းစေချင်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်းရအောင် ဖန်တီးရန်လိုအပ်ကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလုပ်သမားပြဿနာရပ်များကို အမြဲတမ်းဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်သမား များ၏ ဘ၀ကိုမြှင့်တင်ပေးပြီးထုတ်လုပ်မှုများ တိုးတက်အောင်လုပ်ရန်နှင့် ထုတ်ကုန်များကိုလည်း နိုင်ငံတကာအထိရောက်အောင် တင်ပို့နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကာ ထိုအခြေအနေများအတွက် 
အလုပ်သမားများ၏ အခွင့်အရေးကိုကာကွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။ 

သတင်း - စည်သူဟိန်း 
ဓာတ်ပုံ - CTUM
The Standard Time Daily 

No comments:

Post a Comment