Sunday, May 26, 2019

တရုတ်သို့ပို့ဆောင်ရန် ယာဉ်ငယ်တစ်စီးပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၂၈၅ တုံး မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမပေါ်တွင် ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာ၊ အိုရီယန်တယ်တိုးဂိတ်တွင် သက်ဆိုင်ရာတာ ဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မေ ၂၅ ရက်ည ၈ နာရီ မိနစ် ၅၀ က ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် နောင်ချိုမြို့ဘက်မှ သီပေါမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် Crown ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းတုံးများ ရှာဖွေဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 
အဆိုပါ Crown ယာဉ်ပေါ်တွင် ယာဉ်မောင်း ခွန်ဉာဏ်ဝင်း (၄၄နှစ်) ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်နေသူ မောင်းနှင်၍ ယာဉ်ပိုင်ရှင်ဖြစ်သူ မဇာလီအောင် (၃၁နှစ်)စိန်ပန်းရပ်၊ မန္တလေးမြို့တို့ လိုက်ပါလာပြီး ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ကျောက်စိမ်းတုံးဟု ယူဆရသော ကျောက်စိမ်းတုံးဖြတ်စ ဆိုဒ်စုံအား တင်ဆောင်လာသည်ကိုတွေ့ရှိ၍ ယာဉ်အား ရဲစခန်းသို့ မောင်းနှင်စေပြီးစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ကျောက်စိမ်းတုံးဆိုဒ်စုံ၂၈၅ တုံး၊ အလေး ချိန် ၆၉၃ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၃၄၆ သိန်းကျော်ခန့် တန်ဖိုးရှိသည့် ကျောက်စိမ်းတုံးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးများနှင့် ပတ်သက်၍ ယာဉ်မောင်းခွန်ဉာဏ်ဝင်းအား စစ်ဆေးရာ ၎င်းသည် ၂၀၁၉ မေ ၂၀ ရက်မှစ၍ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အလည်ရောက်ရှိနေခြင်းဖြစ်ပြီး မဇာလီအောင်အိမ်မှ ယာဉ်မောင်းသည် ခေတ္တအနားယူနေသဖြင့် ၎င်းအား ယာဉ်မောင်းအဖြစ် တရုတ်နိုင်ငံ ကြယ်ဂေါင်သို့ ခေါ်ဆောင်သောကြောင့် လိုက်ပါလာခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်ပေါ်တွင် ကျောက်စိမ်းတုံးများ ပါရှိသည်ကို သိရှိသော်လည်း ယာဉ်မောင်းခအဖြစ် သတ်မှတ်ပေးခြင်းမရှိသေးကြောင်း၊ မဇာလီအောင်အား စစ်ဆေးရာ ကျောက်စိမ်းဖြတ်စတုံးများကို ၎င်း၏နေအိမ်မှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ကျောက်စိမ်းပိုင်ရှင်များ သိရှိခြင်းမရှိပဲ ကျောက်ဝိုင်းအတွင်း တရုတ်လူမျိုးပွဲစားမှ ချိတ်ဆက်၍ ကြယ်ဂေါင်မြို့သို့ ပို့ဆောင်ပေးရန် ကျပ် ၁၅ သိန်းဖြင့် အပ်နှံသဖြင့် သဘောတူလက်ခံပြီး မန္တလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ 

ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည့် ယာဉ်မောင်း ခွန်ဉာဏ်ဝင်းနှင့် ယာဉ်ပိုင်ရှင်ဖြစ်သူ မဇာလီအောင်တို့နှစ်ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် စစ်ဆေးအရေးယူလျှက်ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment