အလုပ်လက်မဲ့နှုန်းများ လျော့ကျစေရန်ဆောင်ရွက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော် လည်း အစိုးရအဆက်ဆက်အနေဖြင့် လုပ်ဆောင်မှုအားနည်းနေခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဘက်မှ ပြောဆိုသည်။
မေ ၁ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံအရှေ့ရှိ သာသနာ့ရက္ခိတဓမ္မာရုံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတ (တစည) မှနေ၍ အလုပ်သမားနေ့ အထိမ်းအမှတ် ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းတင်၏ သဝဏ်လွှာတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
“ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁ ပုဒ်မ ၃၁ တွင် နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားခဲ့သော်လည်း အစိုးရများအနေဖြင့် ဒါကို ဆောင်ရွက်နေမှု အားနည်းခဲ့သည်ကို တွေ့ရှိရပါတယ်” ဟု ပါရှိပြီးတစညပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးချစ်ခိုင်က ဖတ်ကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် အလုပ်ပေးနိုင်မှု နည်းပါးနေပြီး ၂၀၁၆ ခုနှစ် ဧပြီမှ စတင်ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအထိ ၂ နှစ်ကာလအတွင်း အလုပ်အကိုင်ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာနသို့ မှတ်ပုံတင်ထားသူ ၂ သန်းကျော်ရှိကာ အလုပ်ခန့်ထားပေးနိုင်မှုမှာ ၃ သိန်းကျော်၊ ၄ သိန်းခန့်သာရှိကြောင်း တစညပါတီဘက်မှ သိရသည်။
ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုများကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူများလည်း တဖြည်းဖြည်း များလာသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးသိန်းထွန်းက ဆိုသည်။
“ အဲဒီတော့ လူ့စွမ်းအားအရင်းအမြစ်တွေလျော့နည်းသွားတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ဖြစ်ထွန်း ဖို့အတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ်အောင် စီးဝင်အောင် နိုင်ငံရေး၊ စီးပွားရေး ပတ်ဝန်းကျင် ကောင်းတွေ ဖော်ဆောင်ပေးဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားသို့ မြန်မာအလုပ်သမားအများစု သွားရောက် လုပ်ကိုင်နေပြီး ထိုင်းတွင် မြန်မာအလုပ်သမား ၄ သန်းခန့် လုပ်ကိုင်နေသည်။
အလုပ်အကိုင်သာမက အစိုးရအနေဖြင့် ဆက်စပ်နေသော အသေးစား၊ အလတ်စားလုပ်ငန်းများဖြစ်သည့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်လည်း လုပ်ဆောင်ပေးသင့်ကြောင်း ဦးသိန်းထွန်းက အကြံပြုပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခေတ်ကာလနှင့် သင့်တော်သည့် အလုပ်သမား လျော်ကြေးများ ရရှိနိုင်ရန် ဥပဒေ ပြင်ဆင်ရေးဆွဲနေပြီး မသင့်တော်သည့် ဥပဒေများကို ပြင်ဆင်ခြင်း ၊ အသစ်ရေးဆွဲခြင်းများကို ဆောင်ရွက်နေသည်ဟု ယနေ့ မေဒေးနေ့တွင် ပေးပို့သော သဝဏ်လွှာထဲတွင် ပါရှိသည်။
ဆန္ဒထုတ်ဖော်ပွဲကို မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်ရုံး (MICS-TUsF) ကဦးဆောင်ခဲ့ပြီး အလုပ်သမားအင်အား ၃၀၀ ခန့် ပါဝင်ခဲ့ကြကာ ပြည်ကြီးတံခွန်မြို့နယ် လမ်း ၆၀ ၊ကျန်စစ်သားလမ်းရှိ (MICS-TUsF) ရုံး မှစတင်ကာ ကနောင်ခန်းမအထိလမ်းလျှောက်ချီတက်ခဲ့ကြသည်။
Mizzima - News in Burmese

No comments:
Post a Comment