ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်သည်ဟုဆိုကာ သံသယဖြင့် စစ်ဆေးခံရစဉ် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို ၄င်းတို့၏ မိသားစုဝင်များထံ လွှဲပြောင်းပေးရေး အရေးကြီး အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။
မေလ ၂ ရက်က ကျင်းပပြုလုပ်သည့် ရခိုက်ပြည်နယ်လွှတ်တော်တွင် မြောက်ဦးမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြည်နယ်အစိုးရအားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရစဉ် သေဆုံးခဲ့သော ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုလက်ဝယ်သို့ လွှဲပြောင်းပေးရေး ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းမှုတွင် ကန့်ကွက်သူ မရှိသည့်အတွက် အဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်းလည်း သိရသည်။
''မိမိ၏ လင်သား၊ ဆွေမျိုးသားချင်းတစ်ဦး ကွယ်လွန်သည်ကို ချက်ချင်း သိခွင့်မရ၊ သိရပြန်တော့လည်း ရုပ်အလောင်းကို တွေ့ခွင့်၊ မြင်ခွင့်၊ သဂြိုလ်ခွင့်မရခဲ့ရသည့်အဖြစ်မျိုးကို မိမိတို့ကိုယ်တိုင် ခံစားသင့်ပြီး စာနာ နားလည်သင့်ပါတယ်'' ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတော်၌ အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့အကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး တပ်မတော်က သံသယရှိ အချို့ကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ရာတွင် လူသေဆုံးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်မှ ရသေ့တောင်မြို့နယ် အတွင်းရှိ လူ ၂၀၀ ကျော်ခန့်ကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာတွင်လည်း ခြောက်ဦး သေဆုံးသွားသည့် သတင်းထွက်ပေါ်ခဲ့သည်။
တပ်မတော်ဘက်ကမူ ၄င်းလူ ၂၀၀ကျော်ခန့်ကို ဖမ်းဆီးစစ်ဆေးခြင်းသည် ကျေးရွာတွင်နေထိုင်ကြောင်း ခိုင်လုံမှုမရှိသူနှင့် အိမ်ထောင်စုစာရင်းတွင်ပါဝင်ခြင်း မရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ပြီး သေဆုံးခဲ့သည့် ၆ ဦးမှာ ၄င်းစစ်ဆေးခံရသူများမှ အုပ်စုဖွဲ့စုဝေးကာ အစောင့်တပ်သားကိုင်ဆောင်ထားသည့် လက်နက်များကို လုယူရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ၆ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရှိခဲ့ပြီး ၄ ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဆိုထားသည်။
YN
Isee Media







0 comments:
Post a Comment