ဒေါက်တာအေးမောင်၏ လမ်းညွှန်မှုဖြင့် အသစ်ထူထောင်ထားသော ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party – AFP)သည် ရခိုင် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်သွားမည်ဟု AFP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်နုက နိရဉ္စရာသို့ပြောသည်။
"ရခိုင်တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားကိုဖော်ဆောင်သွားမယ့်နေရာမှာ ကျနော်တို့က လူငယ်နဲ့ အမျိုးသမီး ထုတွေကို ကျနော်တို့ကနေပြီးတော့ သူတို့ကို ကျနော်တို့က လက်တွဲပြီးတော့ မွေးမြူသွားမယ်။ အမျိုးသမီး တွေကိုလည်း ပစ်ပယ်ရာမကျအောင်၊ အမျိုးသမီး၊ လူငယ်၊ Gender ပေါ့။ Gender ရယ်၊ နောက်တစ်ခါ Youth ဒီကဏ္ဍကို ကျနော်တို့က ရှေ့ဆက်မြှင့်တင်သွားမယ်။ တဖြေးဖြေးနဲ့ လက်တွဲပြီးတော့ မြှင့်တင်သွားမယ်"ဟု ဦးခင်နုက ပြောသည်။
ယင်းအပြင် AFP ပါတီအနေဖြင့် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက်လည်း ဒေသအခြေအနေ တည်ငြိမ်သည့်နေရာများဖြစ်သည့် သံတွဲ၊ မာန်အောင်၊ ဂွစသည့်ဒေသများကို ဦးစားပေးစည်းရုံး မဲဆွယ်သွားမည်ဖြစ်သလို ရခိုင်ပြည်မြောက်ပိုင်းမှ ဒေသအခြေအနေတည်ငြိမ်သည့်မြို့နယ်များတွင်လည်း စည်းရုံးမဲဆွယ်သွားမည်ဟုဆိုသည်။
"ကျနော်တို့က သံတွဲဘက်၊ ဂွဘက်၊ မာန်အောင်ဘက် အဲဒီဘက်တွေပဲ ရွေးကောက်ပွဲဖြစ်လာဖို့ရှိတယ်။ အဲဒီဘက်တွေက နဂိုကတည်းကပင် ရခိုင်ပါတီတွေရဲ့ စည်းရုံးရေးထိုးဖောက်မှုအားနည်းခဲ့တဲ့နေရာလည်း ဖြစ်တယ်။ အဲဒီနေရာတွေကို ကျနော်တို့က အဓိက target ထားပြီးတော့ ပိုပြီးတော့ အာရုံစိုက်ပြီးတော့ လုပ်သွားမယ်"ဟု ဦးခင်နုက ဆက်ပြောသည်။
လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီကို ပါတီဝင်အင်အား ၁ ထောင်ကျော်ဖြင့် ဖွဲ့စည်းထားပြီဖြစ်ပြီး ပါတီ ဗဟိုရုံးချုပ်ကိုလည်း စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်တွင် မေလ ၂၅ ရက်နေ့က ဖွင့်လှစ် ထားပြီဖြစ်သည်။
များမကြာမီ စစ်တွေမြို့နယ်ရုံးခွဲ၊ သံတွဲမြို့နယ်ရုံးခွဲ၊ အမ်းမြို့နယ်ရုံးခွဲ၊ ရန်ကုန်ရုံးခွဲများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဟုလည်း ဆိုသည်။
ရခိုင့်ဦးဆောင်ပါတီသည် ထောင်ဒဏ် နှစ် ၂ဝ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်၏လမ်းညွှန်မှုဖြင့် တရားဝင် ဖွဲ့စည်းထားသည့်ပါတီတစ်ခုဖြစ်သည်။
Narinjara










0 comments:
Post a Comment