ကိုလိုနီခေတ် လူမျိုးရေးခွဲခြားမှု၏ ဗဟိုအချက်အချာ နေရာဟု ဆိုနိုင်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ နာမည်ကျော် ပဲခူးကလပ်တွင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) မှ သိရသည်။
ပဲခူးကလပ်တွင် တပ်ဆင်ခဲ့သည့် အပြာရောင် ကမ္ပည်းပြားမှာ အခု ၃၀ မြောက် ကမ္ပည်းပြားဖြစ်ပြီး မေ ၃၀ ရက် နံနက်က တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
YHT ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက ပဲခူးကလပ်သည် အတက်အကျ အနိမ့်အမြင့်များ ရှိခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ကြောင်း၊ တစ်ချိန်က ဗြိတိသျှ လက်အောက်ခံ မြန်မာနိုင်ငံ၏ လူမှုရေး နယ်ပယ်တွင် အမြင့်ဆုံးနေရာက ရှိခဲ့ပြီး ကိုလိုနီခေတ် လူမျိုးရေးခွဲခြားမှု၏ ဗဟို အချက်အချာလည်း ဖြစ်ခဲ့ကြောင်း ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ယခု ပဲခူးကလပ်ကို တစ်ဖန်ပြန်လည် အသက်ဝင်စေတဲ့အခါမှာ ကိုလိုနီခေတ်က အသုံးပြုခဲ့ပုံနဲ့ ကလပ်ရဲ့ သမိုင်းကြောင်းကို ပြောင်းပြန်လှန်ပြီး ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးတွေကို မြန်မာလူမျိုးတွေ သင်ခန်းစာ ယူနိုင်စေဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ ယခုလို ပြန်လည် ပြင်ဆင်နေမှုအတွက် စိတ်ကူးစိတ်သန်း ကောင်းပြီး ဆီလျော်သင့်တော်တဲ့ အသုံးပြုမှု ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသည်။
အဆိုပါ အဆောက်အအုံတွင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ အစရှိသူတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် The Pegu Club အဖွဲ့က အဆိုပါ နေရာအား နှစ်ရှည် ငှားရမ်းထားပြီး မကြာမီတွင် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ လက်ခံ ကျင်းပနိုင်ရန် ကလပ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိသည်။
ပဲခူးကလပ်ကို မူလက ဗြိတိသျှစစ်တပ် တပ်စွဲသည့် ကန်တော်မင် ဧရိယာအတွင်း ၁၈၇၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် လက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့သည်။
ပင်မ အဆောက်အအုံမှာ ကျွန်းသားများဖြင့် တည်ဆောက်ထားပြီး သက်တမ်းရင့် ကိုလိုနီခေတ် လက်ရာတစ်ခု ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် အဆောက်အအုံအား ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ဗြိတိန် အိမ်ရှေ့စံ ဝေလမင်းသား၏ ခရီးစဉ်တွင် တည်းခိုနေထိုင်နိုင်ရန် Prince of Wales ကို ထည့်သွင်း တည်ဆောက်ခဲ့သည်။
ထို့ပြင် ပဲခူးကလပ်မှာ နာမည်ကျော် ပဲခူးကလပ် ကော့တေး အစပြုရာ နေရာလည်းဖြစ်ပြီး ယင်းကော့တေးမှာ ၁၉၃၀ ပြည့်နှစ်ခန့်တွင် တစ်ကမ္ဘာလုံးတွင် နာမည်ကျော် လူကြိုက်များခဲ့သည်။
ကိုလိုနီခေတ်က ရန်ကုန်ရှိ ကလပ်များတွင် နာမည်အကြီးဆုံး ဖြစ်ခဲ့သည့် ပဲခူးကလပ်သည် အလွှာပေါင်းစုံမှ အမျိုးသားများအားလုံး အကျုံးဝင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် အသင်းဝင်ခွင့်ရရန် အလွန်ခက်ခဲသည်။ အာရှသားများသာမက မြန်မာ - အင်္ဂလိပ် ကပြားများကို ဝင်ခွင့် မပြုခဲ့ပေ။ အသင်းဝင်များမှာ အစိုးရ အရာရှိကြီးများ၊ ဗြိတိသျှစစ်တပ်မှ အရာရှိကြီးများ၊ လူချမ်းသာများ ဖြစ်ပြီး ယင်းခေတ်က အစိုးရ၏ မူဝါဒများကို ကလပ်အဖွဲ့ဝင်များက များစွာ လွှမ်းမိုးမှုရှိသဖြင့် ကိုလိုနီ အစိုးရအား ပဲခူးကလပ်အစိုးရဟု နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်တွင် ဂျပန်စစ်တပ်က သီးသန့်ကလပ်အဖြစ် အသုံးပြုခဲ့သည်။ စစ်အပြီးမှသာ မြန်မာလူမျိုးများ ကလပ်ဝင်များအဖြစ် ဝင်ခွင့်ရရှိခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကလပ်ကို ပိတ်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်တွင် ပြည်သူပိုင် ဖြစ်လာခဲ့သည်။ ယင်းနောက် တပ်မတော်အရာရှိ အဆောင်အဖြစ် ခေတ္တအသုံးပြုခဲ့ပြီး တပ်မတော် ငွေစာရင်းရုံးအဖြစ် ပြောင်းလဲ အသုံးပြုခဲ့သည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အဆောက်အအုံမှာ ယိုယွင်း ပျက်စီးလာခဲ့သဖြင့် အသုံးမပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များအရ သိရသည်။
Eleven Media Group

No comments:
Post a Comment