အဂတိလိုက်စားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် တိုင်ကြားခံထားရသည့် မြန်မာအလုပ်သမားသံအရာရှိအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဖွဲ့များစဖွဲ့ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။
“ဌာနအတွင်း စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ စစ်နေပါတယ်။အဲ့ဒီအဖွဲ့ရဲ့ အစီရင်ခံစာ တင်ပြချက်အပေါ် မူတည်ပြီးတော့မှ ဆက်လက်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းဆွေကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွတ်တော်အစည်းအဝေး သို့ မေးခွန်းများလာရောက်ဖြေကြားမှုအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းတိုင်ကြားစာကို ပြည်ပ လုပ်သားပို့ အေဂျင်စီ ၂၀ ခုမှ နိုင်ငံတော်သမ္မတရုံး၊အတိုင်ပင်ခံရုံး၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊အမျိုးသားလွှတ်တော်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ထံသို့ ပေးပို့ခဲ့ရာ မေလ ၁၅ ရက်နေ့က လွှတ်တော်ကော်မတီမှ တိုင်ကြားသည့် ကိုယ်စားပြု ကိုယ်စားလှယ် ၅ ဦးကို ခေါ်ယူစစ်ဆေးကြားနာခဲ့ကြောင်းသိရသည်။
အေဂျင်စီ များမှ တင်ပြသည့် အလုပ်ခေါ်စာများစီစစ်ရာတွင် အချိန် နှစ်လ ၊ သုံးလ ခန့် ကြန့်ကြာနေခြင်း၊ စေလွှတ်ခွင့်ရရှိရန်အတွက် အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၀၀ မှ ၅၀၀ အထိ ပေးနေရခြင်းကြောင့် ထိုသို့ တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အေဂျင်စီများမှ တိုင်ကြားမှုနှင့် ပတ်သက်ပြီး အတိုင်ကြားခံရသည့် သံအရာရှိအားခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
၎င်း သံအရာရှိသည် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွတ်မှုကို ၂၀၁၃ ခုနှစ်က အစိုးရချင်း MoU လက်မှတ်ရေးထိုး၍ စေလွှတ်ခဲ့ကြောင်း သိရသည်။
The Fifth Wave News







0 comments:
Post a Comment