ငွေဆောင်ကမ်းခြေတွင် ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” FANI ၏ အရှိန်ကြောင့် လိုင်းလုံးကြီးများ ဖြစ်ပေါ်နေသောကြောင့် ရေဆင်းမကူးကြရန် ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တားမြစ်ချက်ထုတ်ပြန်ထားသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျကာ လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျချိန်တွင် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၄၀မှ ၄၅ မိုင်နှုန်းအထိ တိုက်ခိုက်နိုင်ကာ ရေလှိုင်းများ အမြင့်မှာ ၁၀ ပေမှ ၁၃ အထိ ရှိနိုင်ကြောင်း ဧရာဝတီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ဒေါ်သိမ့်သိမ့်စိုးက ဆိုသည်။
ငွေဆောင် ကမ်းခြေမြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ပင်လယ်လှိုင်းက အတော်ကို ကြီးနေတာ လေကလည်း ထန်လွန်းနေတယ် အန္တရာယ်မဖြစ်ဖို့ ရာသီဥတုအခြေအနေ ပေါ်မူတည်ပြီး ရက်အကန့်အသတ်မရှိ တားမြစ်ထားတာပါ အရေးပေါ် အခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်”ဟု ဆိုသည်။
ငွေဆောင် ကမ်းခြေမြို့သည် ပုသိမ်မြို့နှင့် ၂၅ မိုင်ကျော် ကွာဝေးပြီး ကမ်းခြေအကျယ်ပေ ၂၀၀ ခန့် ကမ်းခြေအရှည် ၄ မိုင်ကျော်ရှိသည့် အပန်းဖြေကမ်းခြေဖြစ်သည်။
The Voice







0 comments:
Post a Comment