Thursday, May 2, 2019

အမေရိကန်ကုမ္ပဏီ ကိုးခု မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လာရောက် ဆွေးနွေးနေပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၀၀၀ ခန့်အထိ ဖြစ်လာရန် အလားအလာကောင်းများ ရှိကြောင်း သိရ


အမေရိကန်ကုမ္ပဏီ ကိုးခုက မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက် ဆွေးနွေးလျက်ရှိပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၀၀၀ ခန့်အထိ ဖြစ်လာရန် အလားအလာကောင်းများ ရှိနေကြောင်း သိရသည်။ 
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E Mr. Scot Merciel ဦးဆောင်သော အမေရိကန် ကုမ္ပဏီကိုးခုမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာလုပ်ငန်းရှင်များနှင့် စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် ညနေက ကုန်သည်စက်မှု အသင်းချုပ် မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစည်းအဝေးသို့ သံအမတ်ကြီး H.E Mr. Scot Merciel နှင့်အတူ အမေရိကန်ကုမ္ပဏီများဖြစ်သော Chevron၊ Earth Networks၊ ITW Welding Singapore၊ Xylerm Water Solutions၊ Asro-physics၊ Visa Myanmar၊ Fedex GIS၊ Arizona Tools Company တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

“ကုန်သည်စက်မှု အသင်းချုပ်က ကျင်းပပြုလုပ်တဲ့ စီးပွားရေး တွေ့ဆုံပွဲကနေ နှစ်နိုင်ငံ လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းတွေ ရရှိကြမှာ ဖြစ်ပါတယ်။ ယခုလာရောက်ကြတဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက သီလဝါစက်မှုဇုန်ကို သွားရောက်ခဲ့ကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းများကို လေ့လာခဲ့ကြပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E Mr. Scot Merciel က ပြောကြားခဲ့သည်။ 

အမေရိကန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ရာတွင် မြန်မာနိုင်ငံမှစွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေဆိုးရေညစ် သန့်စင်သည့်လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ မော်တော်ကားလုပ်ငန်း၊ ဖိနပ်ထုတ်လုပ်သည့် လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း စသည့်လုပ်ငန်းကဏ္ဍ အသီးသီးမှ လုပ်ငန်းရှင်ပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ပြီး အမေရိကန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

“အမေရိကန်က ကုမ္ပဏီကြီးတွေ အများကြီး ပါဝင်လာကြတယ်။ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဆွေးနွေးကြမယ်။ မြန်မာနိုင်ငံကို သူတို့က လာရောက်ပြီး အခြေအနေ အရပ်ရပ်ကို လာရောက် သုံးသပ်တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုအတွက် ဒေါ်လာ သန်း ၁၀၀၀ လောက် ဖြစ်လာဖို့အတွက် အလားအလာ ကောင်းတွေလည်း အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာတယ်။ တခြားနိုင်ငံတွေကို နီးစပ်ဖို့ဆိုတာ အခုလို ကုမ္ပဏီအကြီးကြီးတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှုအပေါ် မူတည်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အများကြီး အကျိုးရှိပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။ 

အဆိုပါ စီးပွားရေး တွေ့ဆုံပွဲကို ကုန်သည်စက်မှု အသင်းချုပ်က ဦးဆောင်၍ အမေရိကန်သံရုံးနှင့် American Chamber of Commerce Myanmar (AMCHAM) တို့၏ အစီအစဉ်ဖြင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက် နိုင်ရန်အတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment