၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးပါးခဲ့ရသည့် ပြည်သူများအား ရည်စူး၍ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည့် လပွတ္တာမြို့နယ် ပြင်စလူမြို့တွင် (၁၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆွမ်းသွတ် အမျှဝေ အလှူပွဲကို ပြင်စလူမြို့ မင်္ဂလာသိဒ္ဓိကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံးသော သဘာဝဘေး တစ်ခုဖြစ်သည့် နာဂစ်မုန်တိုင်းမှာ ထိုစဉ်က အစိုးရ၏ တရားဝင် ထုတ်ပြန်မှုအရ လူပေါင်း ၁၃၈၀၀၀ ကျော် အသက်ဆုံးပါးခဲ့ရပြီး အိမ်ရာ အဆောက်အအုံပေါင်း ခုနစ်သိန်းခွဲကျော် ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ ဒသမ ၈ ထရီလျံကျော် ရှိခဲ့ကြောင်း၊ မုန်တိုင်း ဖြတ်သန်းရာမြို့များ ဖြစ်သည့် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ၀ါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန် စသည့် မြို့များအနက် ပြင်စလူမြို့သည် ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ ပြင်စလူမြို့တွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့် မေ ၂ ရက် ရောက်ရှိချိန်တိုင်း အသက်ဆုံးပါး ခဲ့ရသူများအား ရည်စူး၍ ဆွမ်းကပ်လှူခြင်း၊ မေတ္တာပို့ အမျှဝေခြင်းများ နှစ်စဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနှစ်ကတော့ မနက်ပိုင်းမှာ ဆွမ်းကပ်လှူ တရားနာတာပဲ လုပ်ဖြစ်တယ်။ အရင်နှစ်တွေ တုန်းကတော့ ညနေဘက်ကို ဘာသာပေါင်းစုံ ဆုတောင်းပွဲပါ လုပ်ဖြစ်တယ်။ ဒီနှစ်ကျတော့ အလုပ်တွေက များတာရော၊ ရေတွေ လှူနေရတာရောနဲ့ ဆွမ်းအလှူပွဲပဲ လုပ်ဖြစ်လိုက်တယ်။ အတော်ကို စည်စည်ကားကား လုပ်နိုင်လိုက်တာ။ Pact အဖွဲ့ကလည်း ၀ိုင်းလှူပေးပြီး သူတို့ရုံးက လူကြီးတွေလည်း လာကြတယ်လေ။ မြို့ပေါ်က ဌာနတွေကလည်း လာပြီးတော့ ကူညီပေးတော့ အတော်ကို စည်စည်ကားကားတော့ လုပ်ဖြစ်ပါတယ်။ ဒီလို နှစ်တိုင်းလုပ်တာပဲ။ ဆုံးသွားတဲ့ သူတွေကို မေတ္တာပို့ အမျှဝေလုပ်တာပေါ့။ ငါတို့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်းပဲပေါ့” ဟု ပြင်စလူမြို့ မင်္ဂလာသိဒ္ဓိကျောင်းတိုက် ဆရာတော် ဦးအာနန္ဒာက မိန့်ကြားသည်။
ပြင်စလူမြို့သည် နာဂစ်မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသည့် မြို့ဖြစ်သည့်အပြင် ယခု (၁၁) နှစ် ပြည့်မြောက်သည်အထိ ပြန်လည်ဖွံ့ဖြိုးမှု မရှိသေးသည့် မြို့တစ်ခုအဖြစ် ရှိနေကြောင်း သိရသည်။
Eleven Media Group



No comments:
Post a Comment