Thursday, May 2, 2019

ကမ္ဘာ့နိုင်ငံများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသာစွာမြင့်တက်လာပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ၂၃၀၀၀ ဖြစ်ပွားပြီး သေဆုံးသူ ၁၁၂ ဦးရှိခဲ့


မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသာစွာမြင့်တက်လာပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ် အတွင်း ၂၃၀၀၀ ဖြစ်ပွားပြီး သေဆုံးသူ ၁၁၂ ဦးရှိခဲ့ကြောင်း ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကာကွယ်တားဆီး နှိမ်နင်းရေးစီမံချက်မှ သိရသည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် သိသာစွာမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၃၁၂၈၈ ဦးနှင့် သေဆုံးသူ ၁၉၂ ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀၀ ကျော်နှင့် သေဆုံးသူရှစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

“သွေးလွန်တုပ်ကွေးက ၂၀၁၈ ခုနှစ်မှာ လူနာ ၂၃၀၀၀ ခန့်ဖြစ်နေပါသေးတယ်။ သေတာကလည်း ၁၁၂ ဦးရှိတယ်။ အမှန်ကတော့ သွေးလွန်တုပ်ကွေးရောဂါဆိုတာ ပြည်သူ့ကျန်းမာရေးနဲ့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း တွေကိုသေချာလုပ်ရင် ဖြစ်ပွားမှုတွေ အလွန်လျော့နည်းသွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အခုဆိုရင် သွေးလွန်တုပ်ကွေးက တစ်နှစ်ပတ်လုံးဖြစ်ပွားတယ်ဆိုပေမဲ့ မိုးရာသီဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ဖြစ်နှုန်းအများဆုံး ဖြစ်ပါတယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သွေးလွန်တုပ်ကွေး နှင့် ဆင်ခြေထောက်ရောဂါစီမံချက်) မှ ဒေါက်တာဇော်လင်းက ပြောကြားသည်။ 

၂၀၁၈ ခုနှစ် ပထမငါးလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၀ ကျော်ရှိခဲ့ပြီး မိုးရာသီရောက်ရှိချိန်တွင် ရောဂါဖြစ်ပွားနှုန်း ဆက်တိုက်မြင့်တက်လာခဲ့ကြောင်းနှင့်၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမှာ ဇန်နဝါရီတွင် ၁၉၇ ဦး၊ ဖေဖော်ဝါရီတွင် ၁၁၃ ဦး၊ မတ်တွင် ၁၀၀၊ ဧပြီ တွင် ၉၉ ဦးနှင့် မေတွင် ၁၆၂ ဦး (စုစုပေါင်း ၆၇၁ဦး) ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရရှိသည့်အချက်အလက်များအရ သိရသည်။ 

“သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းကိုကြည့်ရင် ရန်ကုန်တိုင်းက နှစ်တိုင်းလိုလို များပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို ပထမလေးလမှာတင် ရောဂါဖြစ်ပွားသူက လေးဆနီးပါး လောက်မြင့်ခဲ့တာပါ။ ဒီနှစ်မှာတော့ အဖြစ်များတဲ့ ရပ်ကွက်၊ မြို့နယ်တွေကို ရွေးချယ်ပြီး သွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့ ရပ်ကွက်တွေကို ကြိုတင်ပြီး ပိုးလောက်လန်းနှိမ်နင်းရေးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်လုံးကျွတ်လုပ်ဆောင်တယ်။ မိုးတွင်းကာလဆို သွေးလွန်တုပ်ကွေးက ဖြစ်ပွားမှုနှုန်း တက်လာတာဖြစ်တဲ့အတွက် အဖြစ်များတဲ့ရပ်ကွက်တွေကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်။ သွေးလွန်တုပ်ကွေးက ဒီဘက်နှစ်တွေမှာ တစ်နှစ်ခြား သို့မဟုတ် နှစ်နှစ်ခြားတစ်ကြိမ် ကပ်အသွင်လိုဖြစ်တတ်တဲ့အ လေ့ရှိလာတယ်။ ရန်ကုန်မှာ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ရပ်ကွက်တွေက လူဦးရေများတဲ့နေရာ၊ လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ လှိုင်သာယာ၊ ဒဂုံမြို့သစ်လေးခု၊ ဒလ၊ သာကေတ၊ မရမ်းကုန်း၊ လှိုင်တို့မှာ အဖြစ်များတယ်။ နှစ်စဉ်လည်း ဒီနေရာတွေက အဖြစ်များပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment