မိတ္တီလာ အမတ် ဒေါက်တာမောင်သင်း လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လေ့လာစိစစ်ဖို့ ပူးပေါင်းကော်မတစ်ရပ်ကို မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။
အဲဒီ ဥပဒေမူကြမ်းကို ရွေးကောက်ခံအမတ် အယောက် ၄၀၊ တပ်မတော်သား ကိုယ်စားလှယ် ၁၀၅ ယောက် စုစုပေါင်း ၁၄၅ ယောက် လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခု ဖွဲ့စည်းပုံကို ပြင်မယ့် ဥပဒေကြမ်းမှာ အကြမ်းဖျဉ်းအားဖြင့် အချက် ၄ ချက်ပါတဲ့အကြောင်း၊ နှစ်ချက်ကတော့ သမ္မတ လုပ်ပိုင်ခွင့်ကို လျော့ချတာဖြစ်ပြီး ကျန်တာတွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဆိုင်ရာ တစ်ချက်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ အချက် တစ်ချက်ဖြစ်ကြောင်း ဒေါက်တာမောင်သင်းက သတင်းထောက်တွေကို ပြောပါတယ်။ ဖွဲ့စည်းပုံ ပုဒ်မ ၂၄၈ (ဂ) ပါ သမ္မတ ဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတွေကို သတ်မှတ်နိုင်တယ်၊ ပြင်ဆင်နိုင်တယ်၊ လျော့ချနိုင်တယ် ဆိုတဲ့ နေရာမှာ ပြည်နယ်ဝန်ကြီးချုပ် နဲ့ တိုင်ပင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ပုဒ်မ ၂၆၄ မှာပါတဲ့ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် နဲ့ ၀န်ကြီးတစ်ယောက်ယောက်ကို သမ္မတ က အနားပေးနိုင်တဲ့ အချက်တွေထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်ခြင်း ဆိုတဲ့ အချက်ကို ပြင်ဆင်ထားပါတယ်။ ပုဒ်မ ၃၂၂ မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ လုပ်ငန်းတာဝန် တစ်ခုနဲ့ ပတ်သက်ပြီး ပြင်ဆင်တာ ပုဒ်မ ၄၀၂ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် အတည် ဖြစ်စေရမည် ဆိုတာကို ပြည်ထောင်စု လွှတ်တော်ကို အယူခံပိုင်ခွင့် ရှိစေရမည် ဆိုပြီး အစားထိုးထားတယ်လို့ ဒေါက်တာမောင်သင်းက ရှင်းပြခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ ကာလတုန်းကလည်း ပုဒ်မ ၂၆၁ ပြင်ဆင်မယ့် ဥပဒေကြမ်း တစ်ခု တင်သွင်းထားခဲ့ပြီး၊ အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လုပ်ကိုင်ဆောင်ရွက်စရာတွေကို လွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းတဲ့ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ ရဲ့ လုပ်ငန်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
One News Myanmar



No comments:
Post a Comment