Sunday, May 26, 2019

နေပြည်တော်တွင် လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ပြီး ငွေကြေးကောက်ခံမှုများ ရှိနေ


သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုများ ရှိနေသည်ဟု သတင်းရရှိသည်။ 
လျှပ်စစ်ဝန်ထမ်းများကို ငွေကြေးကောက်ခံရန် စေခိုင်းထားခြင်း လုံးဝမရှိကြောင်းနှင့် နေအိမ်တိုက်ခန်းတချို့တွင် လျှပ်စစ်နှင့်ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်မှာသာ လဲလှယ်ရန် လိုအပ်သည့် ပစ္စည်းကို ဖြုတ်ပြီး အိမ်ပိုင်ရှင်ကို ဝယ်ခိုင်းခြင်းမျိုးသာ ရှိသည်ဟု ဇဗ္ဗူသီရိမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်ခိုင်စိုးက ပြောသည်။ 

“ငွေကတော့ ကျွန်တော်တို့မှာ ဘာမှ တောင်းခွင့် မရှိဘူး။ တောင်းလည်း မတောင်းခိုင်းပါဘူး။ မီတာခ ကောက်တာပဲ ရှိတယ်။ ကျန်တာ ဘာမှ မရှိဘူး။ မီတာခကလည်း ရုံးမှာ ကောက်တာ” ဟု ဦးအောင်ခိုင်စိုးက မဇ္ဈိမကို ပြောသည်။ 

ထိုကဲ့သို့ လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ပြီး ငွေကြေးကောက်ခံမှုများသည့် ဝန်ထမ်းလိုင်းခန်းရပ်ကွက်များနှင့် အမျိုးသမီးဝန်ထမ်း အပျိုဆောင်များတွင် အများဆုံးဖြစ်နေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ 

လူမှုဖူလုံရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိမ်ထောင်မရှိသူ အမျိုးသမီးများ နေထိုင်ရာ သဇင်(၆)၊ အဆောင်(၉)တွင် မေလ ၂၅ရက်၊ နံနက် ၁ဝနာရီအချိန်က လျှပ်စစ်ဝန်ထမ်း ယူနီဖောင်းဝတ်ဆင်ကာ မော်တော်ဆိုင်ကယ်ဦးထုတ် ဆောင်းထားသည့် အမျိုးသားတစ်ဦးက  ငွေကျပ် (၉)သောင်း လိမ်လည် ကောက်ခံသွားခဲ့သည်။ 

အဆောင်သူများသည် အဆိုပါ အမျိုးသား ထွက်သွားပြီးနောက် လျှပ်စစ်ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှသာ ထိုသို့ ကောက်ခံခိုင်းခြင်း မရှိဟု လျှပ်စစ်ရုံးဘက်က ပြန်လည်ဖြေကြားသဖြင့် အလိမ်ခံရမှန်း သိခဲ့ရခြင်း ဖြစ်သည်။
“မီးပြင်မှာမို့ မီးဖြတ်မယ်တဲ့၊ အဆောင်မှူးရှိလားတဲ့၊ မိန်းထုပ်ဆိုလား ဝယ်ရမယ်တဲ့။ အဆောင်မှူး မရှိတော့ ကျွန်မတို့လည်း ရှိတဲ့ငွေလေး တစ်ယောက် ငါးထောင်၊ တစ်သောင်းစိုက်နဲ့ စုပြီး ပေးလိုက်တယ်” ဟု အပျိုဆောင်မှ အမည်မဖော်လိုသူ အမျိုးသမီးဝန်ထမ်းက ပြောသည်။
ထို့ပြင် အဆင့်မြင့်ဈေးနှင့် အခြားနေရာများတွင်လည်း အလားတူ လိမ်လည်ကောက်ခံမှုများ ရှိနေကြောင်း ကြားသိရသည်ဟု ဇဗ္ဗူသီရိမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာမှူးက ဆိုသည်။ 
ပြီးခဲ့သည့် ၂၀၁ရခုနှစ်အတွင်းကလည်း နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရှိ မောခမ်းနွံ စားသောက်ဆိုင်တွင် အလားတူပင် အမျိုးသားတစ်ဦးက လျှပ်စစ်ဝန်ထမ်းဟန်ဆောင်ကာ ငွေကြေးကောက်ခံမှု ၃ကြိမ်ခန့် ဖြစ်ပွားခဲ့သေးသည်။ 
အဆိုပါ စားသောက်ဆိုင်တွင်လည်း ပစ္စည်းဝယ်ရမည်ဟုဆိုကာ ငွေကြေးကောက်ခံသဖြင့် ဆိုင်ပိုင်ရှင်က ၎င်း၏ မောင်တော်စပ်သူနှင့် ပစ္စည်းသွားဝယ်ရန် လွတ်လိုက်ရာ လျှပ်စစ်ပစ္စည်းဆိုင်သို့အရောက်တွင် အဆိုပါ ငွေကြေးကောက်ခံသူ ထွက်ပြေးသွားသည်ဟု ဆိုသည်။
“လျှပ်စစ်ပစ္စည်းဆိုင်ရောက်တော့ နောက်ပြန်လှည့်ကြည့်တော့ သူက ထွက်ပြေးသွားတာ” ဟု မောခမ်းနွံစားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။
လျှပ်စစ်ဝန်ထမ်း ဟန်ဆောင်ကာ ငွေလိမ်လည်ကောက်ခံမှုများ ရှိနေသည့်အတွက် နီးစပ်သည့် လျှပ်စစ်ရုံးများသို့ အလျင်အမြန် ဆက်သွယ်ပေးရန် ဇဗ္ဗူသီရိမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာမှူးက တိုက်တွန်းသည်။ ဇဗ္ဗူသီရိမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဖုန်းနံပါတ်မှာ ၀၉၄၂၉၂၀၂၈၈၃ ဖြစ်သည်။


0 comments:

Post a Comment