Thursday, May 2, 2019

ရိုက်တာသတင်းထောက် ၂ ဦး အမှု အယူခံ ထပ်တက်တော့မည်မဟုတ်


အင်းဒင်ရွာ လူသတ်မှုနှင့်ပတ်သက်ပြီး သတင်းရယူခဲ့ပြီးနောက် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်သည် ဟု ဆိုကာ ထောင်ဒဏ်ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အမှု အယူခံ ထပ်တက်တော့မည် မဟုတ်ကြောင်း မိသားစုဝင်များက ပြောသည်။ 
ယနေ့ ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ယူနက်စကိုမှ ဦးဆောင် ပြုလုပ်ခဲ့သည့် မေ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ အယူခံကို ဆက်ပြီးတော့မတက်တော့ပါဘူး။ သမ္မတကြီးရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကိုပဲ ကျွန်မတို့ မိသားစုတွေ ရော၊ သူတို့နှစ်ယောက်ရော မျှော်လင့်နေပါတယ်” ဟု ကိုဝလုံး၏ ဇနီး မပန်းအိမွန်က ဆိုသည်။ 

အဆိုပါ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့က အကျဉ်းထောင် အတွင်းမှ စာ တစ်စောင် ပေးပို့ခဲ့ကာ သတင်းလွတ်လပ်ခွင့်သည် ကမ္ဘာတစ်လွှားတွင် ခြိမ်းခြောက်ခံနေရသောကြောင့် လွတ်လပ်ခွင့်ကို ဆက်ပြီး အားပေးထောက်ခံပေးကြရန် ၎င်းတို့ ၂ ဦးက တောင်းဆိုထားသည်။ 

“ သူတို့နှစ်ယောက် အမြန်ဆုံးပြန်လွတ်မယ်လို့ မျှော်လင့်ယုံကြည်နေပါတယ်။ မိသားစုအားလုံး ပြန်ဆုံတွေ့ရဖို့ မျှော်လင့်ပါတယ်” ဟုလည်း ကိုကျော်စိုးဦး၏ ဇနီး မချစ်စုဝင်းက ပြောသည်။ 

ကမ္ဘာတဝှမ်းရှိ သတင်းလွတ်ခွင့် အနှိပ်ကွပ်ခံနေရသည့် သတင်းသမား ၁၀ ဦးစာရင်းတွင် မြန်မာနိုင်ငံမှ ယင်း ရိုက်တာသတင်းထောက် ၂ ဦး ပါဝင်နေကြောင်း သိရသည်။ 

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသည့် ရိုက်တာ သတင်းထောက် ၂ ယောက်၏ နောက်ဆုံးအယူခံကို ပြည်ထောင်စုတရားလွတ်တော်ချုပ်က ပြီးခဲ့သည့် ဧပြီတွင် ပလပ်အပြီး ယခုကဲ့သို့ အယူခံထပ်မတက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment