Thursday, May 2, 2019

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ဖွဲ့စည်း


မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက် သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်၌ မေ ၂ ရက် နံနက်၁၀ နာရီတွင် ကျင်းပခဲ့သည်။ 
အဆိုပါ အခမ်းအနားတွင် အဖွဲ့ အစည်း ၆၀ ကျော်ဖြင့် ကွန်ရက်ဖွဲ့စည်း မည်ဖြစ်ပြီး ကွန်ရက်ဖွဲ့စည်းမည့် ကိစ္စ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ကွန်ရက်အသီးသီးမှ ကိုယ်စားပြုသူများ မိတ်ဆက်ခြင်း၊ ကွန်ရက်ဖွဲ့စည်းခြင်းနှင့် ဆုံးဖြတ်ချက်ရယူခြင်း စသည့် အစီအစဉ် များ ပါဝင်သည်။ 

"ဒီနေ့ ကျွန်တော်တို့ နိုင်ငံလုံးဆိုင် ရာကွန်ရက် စဖွဲ့မယ်။ ကွန်ရက်အသီးသီး မှာပါကြမယ်။ နိုင်ငံလုံးဆိုင်ရာ ကွန်ရက် မှာ ဦးဆောင်ကော်မတီပါမယ်။ အကြံပေး အဖွဲ့ပါမယ်။ ပြီးရင် ဆုံးဖြတ်ချက်တစ်ခု ထွက်နိုင်အောင်လုပ်မယ်။ ဆုံးဖြတ်ချက် ဆိုတာ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးမူပေါ်ကနေပြီးတော့ ဘယ်လိုအလုပ်မျိုးတွေလုပ်မလဲဆိုတာကို ကျွန်တော်တို့ ပြောနိုင်အောင်ကြိုးစားမယ်။ ကွန်ရက်က အဓိကအကြမ်းဖျင်းပုံစံက ကျွန်တော်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာ လူထုလှုပ်ရှားမှုတွေလုပ်မယ့်ပုံစံတော့ ရှိပါတယ်"ဟု မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ကိုမြတ်ကျော်က ပြောဆိုသည်။ 

လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတို့၏ ဒီမိုကရေစီစံနှုန်းမှာ ပြည်သူတို့၏ သဘောထားများကို လေးစားလိုက်နာခြင်းဖြစ်ကြောင်း၊ မြစ်ဆုံ စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ပြည်သူတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများကိုလေးစားလက်ခံရန် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကို ဧပြီ ၁ ရက်က ပြုလုပ်သောမြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအစည်းအဝေးတွင်သဘောထားထုတ်ပြန်ထားသည်။ 

မြစ်ဆုံစီမံကိန်းအား အပြီးတိုင် ဖျက်သိမ်းရေးကိုသာ ပြည်သူလူထု၏ ဆန္ဒနှင့်အညီဆောင်ရွက်ရန်၊ ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်၍ စီမံကိန်းအား ဆက်လက်ဆောင်ရွက်မည်ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တကွ လက်ရှိဖြတ်သန်းနေရသော ဒီမိုကရေစီလမ်းသည်လည်း ထိခိုက်ပျက်စီးမှုများနှင့် မလွဲမသွေ ကြုံရလိမ့်မည်ဟု မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးက ဧပြီ ၁ ရက်တွင်တိုက်တွန်းထားသည်။ 

သတင်း - စိုးရတနာ
The Standard Time Daily 

No comments:

Post a Comment