မြန်မာနိုင်ငံတွင် မကူးစက်နိုင်သည့် ရောဂါများဖြစ်သော သွေးတိုး၊ ဆီးချိုသွေးချိုနှင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနှုန်းသည် နှစ်စဉ်မြင့်တက်နေပြီး အချိန်မီ မထိန်းချုပ်နိုင်ပါက နောက်ငါးနှစ်အတွင်း ကျန်းမာရေး ဘတ်ဂျက်၏ ထက်ဝက်နီးပါးသည် ယင်းရောဂါများကို ကုသရန်အတွက်သာ အသုံးပြုရမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ တတိယ တစ်နှစ်တာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လက်ရှိ ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၈၀၀ ခန့်တွင် ဗုဒ္ဓဟူးနေ့တိုင်း ဆေးခန်းဖွင့်လှစ်၍ လူနာများ၏ သွေးအတွင်း သကြားဓာတ်ကို စစ်ဆေးခြင်း၊ သွေးပေါင်ချိန် နှင့်လိုအပ်သူများကို အခမဲ့ ဆေးပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဖြစ်များသည့် သွေးတိုး၊ ဆီးချိုနှင့် သွေးချိုရောဂါများသည် စောစီးစွာ သိရှိကုသပါက နောက်ဆက်တွဲ ဆိုးကျိုးများ လျော့ပါးစေသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားဖြည့် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်း ခန့်သေဆုံးနေပြီး ၎င်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်းခန့် ပါဝင်နေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်း နှစ်စဉ်သေဆုံး လျက်ရှိပြီး ထိုသို့အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်းနှင့် အဓိက သေဆုံးရသည့် အကြောင်းရင်းများမှာ နှလုံးနှင့် သွေးကြောရောဂါများ၊ ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါနှင့် ဆီးချိုရောဂါ စသည်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းလုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံ သောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချို လွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ပါဝင်သော စားသောက်ကုန်များစားသုံးမှု၊ ကိုယ်လက်လှုပ်ရှား နည်းပါးသော ဘဝနေထိုင်မှုပုံစံ စသည့် မကူးစက်နိုင်သော ရောဂါများကို ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရေးအတွက် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းတည်ထောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment