Thursday, May 2, 2019

ဇွန် ၁ ရက်မှစ၍ လက်ကိုင်ဖုန်း (Handset)နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရာတွင် ကျသင့်သော စုစုပေါင်းတန်ဖိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်


ဇွန် ၁ ရက်ကစတင်၍ လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် ကျသင့်သော စုစုပေါင်း တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ 
ယင်းကဲ့သို့ အခွန်ကောက်ခံရန်အတွက် မေ ၂ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

၂၀၁၉ ခုနှစ် ဇွန် ၁ ရက်ကစတင်၍ လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူ ပြည်သူများအနေဖြင့် အဆိုပါပစ္စည်းများဝယ်ယူခြင်းအတွက် ကျသင့်သော စုစုပေါင်းတန်ဖိုးပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကျသင့်မည် ဖြစ်သည်။ 

ထို့ကြောင့် တစ်သိန်းတန်ဖိုးရှိ လက်ကိုင်ဖုန်း (Handset) တစ်ခု ဝယ်ယူမည်ဆိုပါက အခွန်တန်ဖိုး ကျပ်ငါးထောင် ပေးဆောင်ရမည်ဖြစ်ပြီး ကျပ်ဆယ်သိန်းတန်ဖိုးရှိ လက်ကိုင်ဖုန်း (Handset) တစ်ခုဝယ်ယူပါက ကျပ်ငါးသောင်း အခွန်ပေးဆောင်ရမည်ဖြစ်သည်။ 

ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများ၏ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (က)၊ စည်းမျဉ်းခွဲငယ် (၃) တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေ (သို့မဟုတ်) ဝန်ဆောင်မှုရငွေနှင့်အတူ ကျသင့်အခွန်ကို ကုန်စည်ဝယ်ယူသူထံမှ တစ်ပါတည်းကောက်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။ 

အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ လက်ရှိတွင် စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်များ၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်းရှင်များအား ၎င်းတို့ထုတ်ပေးလိုက်သည့် ပြေစာပေါ်တွင် ဝယ်ယူသုံးစွဲသူများက ပေးဆောင်လိုက်သည့်အခွန်ကို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းအားဖြင့် အခွန်အပြည့်အဝ ကောက်ခံပေးသွင်းကြောင်း သိရှိနိုင်ရန် ဆောက်ရွက်လျက်ရှိပါသည်။ 

ယင်းလုပ်ငန်းများအပြင် လက်ကိုင်ဖုန်း ဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များမှ လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် အရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းကို ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်ကစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိကာလတွင် လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူများသို့ ထုတ်ပေးမည့် ပြေစာတွင် ကပ်နှိပ်မည့် အခွန်အမှတ်တံဆိပ် Commercial Tax Stamp Lable များကို ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၂၀၀၊ ကျပ် ၅၀၀၊ ကျပ် ၁,၀၀၀၊ ကျပ် ၅,၀၀၀ နှင့် ကျပ် ၁၀,၀၀၀ စသည့် အခွန်အမှတ်တံဆိပ်ခုနစ်မျိုး ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူမိဘပြည်သူများအနေဖြင့် ကျသင့်အခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော ပြေစာများတောင်းယူကြရန်နှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများ၊ (အခွန်အမှတ်တံဆိပ်သည့် ကျပ် ၅၀ တန် အနည်းဆုံးဖြစ်သဖြင့် အခွန်ကျပ် ၅၀ အောက်တန်ဖိုးအတွက် အခွန်အမှတ်တံဆိပ်လျော့ နည်းခြင်းမှအပ) ကျသင့်အခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများထုတ်ပေးပါက နီးစပ်ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Eleven Media Group

No comments:

Post a Comment