ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ မှ တိုင်းရင်းသား အချင်းချင်း ရင်းနှီးမှု ရှိစေရန်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗဟိုဌာနချုပ် ရုံးခွဲ ဖွင့်လှစ်ခဲ့သည်။
မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ SNLD ဗဟိုဌာနချုပ်ရုံးခွဲကို မေလ ၂၆ ရက်နေ့  ကဖွင့်လှစ်ခဲ့ပါသည်။
“ရုံးခွဲလာဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ကချင်ပြည်မှာ ရှိတဲ့ သျှမ်းတိုင်းရင်းသား တွေ အတွက် တန်းတူအခွင့်အရေး ရရှိအောင်၊ နောက်တစ်ခုက ကချင်နဲ့ သျှမ်းရင်းနှီးမှု ရှိအောင် အတူတကွ ပူးပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်အောင် နဲ့ တိုင်းရင်းသား အချင်းချင်း သွေးခွဲမှု မရှိပဲ ပူးပေါင်းလုပ်ဆောင်သွားဖို့ အတွက် ဆိုပြီး လာဖွင့်ရခြင်းဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက် အတွင်းရေးမှူး(၁) စိုင်းလိတ် က ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ရုံးခွဲ စုစုပေါင်း ၅၀ ခန့် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။ ဗဟိုဌာနချုပ် ရုံး ခွဲ ၅ နေရာ ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။
“ကချင်မှာ ရုံးခွဲလာဖွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကချင်မှာ ရှိတဲ့ သျှမ်းတွေ နဲ့ သျှမ်းပြည်မှာ ရှိတဲ့ သျှမ်းဆိုတာက သျှမ်းတိုင်းရင်းသား အားလုံး အတူတူပဲ သျှမ်းတိုင်းရင်းသား အတွက်ကိုသာကိုယ်စားပြု ခြင်းမဟုတ်ပဲ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကို အားလုံးကို ကိုယ်စားပြုပြီး အလုပ်လုပ်နေတာပါ ပြည်ထောင်စု တိုင်းရင်းသားတွေနဲ့ အတူတကွ လက်တွဲပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အဓိက ဆိုတာ ပြည်သူလူထုကို သတင်းစကားပါးလိုပါတယ်” ဟု တွဲဖက် အတွင်းရေးမှူး(၁) စိုင်းလိတ် ကပြောသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၏ ဗဟို ဌာနချုပ်ရုံးခွဲမှာ သျှမ်း
ပြည်မြောက်ပိုင်း လားရှိုးမြို့ ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တို့မှာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုဌာနချုပ် ရုံးခွဲ ဖွင့်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒုတိယဥက္ကဠ စိုင်းခမ်းပိုင်ဖ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းလိတ် ၊ ကျားခေါင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်အမတ်များ ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းသျှမ်းမျိုးနွယ်စုများသွေးစည်းညီညွတ်ရေးပါတီ နှင့် ကချင်ပြည်နယ်ရှိ မြို့မိ မြို့ဖ များ တက်ရောက်ကြသည်။
Panglong(Burmese)







0 comments:
Post a Comment