အမေရိကန်ရှိ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်(USCIRF) ၏ ယခုနှစ် အစီရင်ခံစာတွင် မြန်မာသံရုံးမှ ပေးပို့သည့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် ဘာသာရေးဆိုင်ရာ အချက်အလက်များအား မဖော်ပြခဲ့ကြောင်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါကော်မရှင်ဘက်မှ အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း မပြုမီ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အခြေအနေ၊ အသိတရားနှင့် ဘာသာရေးဆိုင်ရာအချက်အလက်များကို ထောက်ပံပေးရန် မြန်မာသံရုံးအား ဖိတ်ခေါ်ခဲ့သည်။
မြန်မာသံရုံးကလည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားတိုင်းအား လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တန်းတူညီမျှပေးအပ်ထားကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ဘာသာရေး၊ ယဉ်ကျေးမှု ကွဲပြားခြားနားမှုနှင့် ပတ်သက်၍ အပြန်အလှန်လေးစားမှု တိုးမြှင့်စေရန် ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ရှိသည့်နိုင်ငံဖြစ်ရာ အဓိကဘာသာရေးပွဲတော်များကို အများပြည်သူရုံးပိတ်ရက်အထိ သတ်မှတ်ပေးထားကြောင်း စသည် အချက်များကို ကော်မရှင်ထံ ပေးပို့ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဗလီ (၄၄၀၇)ခုနှင့် အစ္စလာမ်စာသင်ကျောင်း ၄၅၉ကျောင်းရှိပြီး အစ္စလာမ်ဘာသာဝင် ၂၆၀ဦးတွင် ဗလီတစ်လုံးရှိကြောင်း၊ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်ဘုရားကျောင်း ၆၉၉၈ ကျောင်းရှိကာ ခရစ်ယာန်ဘာသာဝင် ၄၀၇ဦးတွင် ဘုရားကျောင်းတစ်ကျောင်းနှုန်းဖြင့် ကိုးကွယ်နိုင်သော နိုင်ငံဖြစ်ကြောင်း၊ ၁၉၇၃ သန်းခေါင်စာရင်းအရ လူဦးရေ၏ ၈၈ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၈၇ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာဝင်ရာခိုင်နှုန်းမှာ ၄.၆ ရာခိုင်နှုန်းမှ ၆.၂ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင်ရာခိုင်နှုန်းမှာ ၃.၉ ရာခိုင်နှုန်းမှ ၄.၃ ရာခိုင်နှုန်းသို့် တိုးတက်ခဲ့ကြောင်း ကော်မရှင်ထံ အချက်အလက် ပေးပို့ခဲ့သည်။
သို့သော် USCIRF ၏ အစီရင်ခံစာတွင် အချက်အလက်တစ်ခုကိုမှ ဖော်ပြခဲ့ခြင်း မရှိသည်မှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးကို အလေးထားသည့် အလျောက် နှစ်နိုင်ငံလုံးမှ အလေးထားသည့် ကိစ္စများကို ထိတွေ့ဖြေရှင်းရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
သတင်း-မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ-မြန်မာသံရုံး၊ဝါရှင်တန်
The Standard Time Daily

No comments:
Post a Comment