Tuesday, June 25, 2019

AA အဖွဲ့ဟုယူဆရသည့် မသင်္ကာသူနှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းမသင်္ကာသူ ၁၀ ဦးအား ကျောက်တော်မြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်

AA အဖွဲ့ဟု ယူဆရသည့် မသင်္ကာသူနှစ်ဦးအား ဇွန် ၂၂ ရက်တွင် ဝေသာလီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း မသင်္ကာသူ ၁၀ ဦးအား ကျောက်တော်မြို့မ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ဇွန် ၂၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းကြောင်းများနှင့် ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့က ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 
အဆိုပါ မိုင်းဖောက်ခွဲခဲ့သည့် နေရာတစ်ဝိုက်အား စစ်ဆေးစဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ပြီး အဆိုပါနှစ်ဦးအား ဝေသာလီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 
၎င်းတို့နှစ်ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးမှာ မိုင်းဖောက်ခွဲခဲ့သူများဖြစ်ကြောင်း သိရှိရပြီး ဆိုင်ကယ်တူးဘောက်အတွင်း၌ ကျေးရွာများမှ ဆက်ကြေးကောက်ခံထားသော မှတ်တမ်းစာအုပ်တစ်အုပ်၊ AA အဖွဲ့ဝင်များ နှင့် Video Call ပြောနေစဉ် ရိုက်ကူးသည့် Screen Shots မှတ်တမ်းဓာတ်ပုံပါရှိသော ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 
အဆိုပါဖမ်းဆီးရမိသူနှစ်ဦးနှင့် ဇွန် ၂၀ ရက်တွင် ဖမ်းဆီးရမိသူရှစ်ဦး စုစုပေါင်း ၁၀ ဦး အား ကျောက်တော်မြို့နယ်၊ မြို့မရဲစခန်းသို့ လွှဲပြောင်း၍ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

Eleven Media Group 

No comments:

Post a Comment