အိမ်သုံးနဲ့ စီးပွားလုပ်ငန်းသုံး မီတာခတွေအပါအဝင် မီတာခ နှုန်းထားတွေ ကို ပြင်ဆင်သတ်မှတ် လိုက်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့မနက်အစောပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်တဲ့ နှုန်းထားတွေဟာ သုံးစွဲတဲ့ ယူနစ်အလွှာအလိုက်ကောက်ခံမှာဖြစ်ပြီး ယခင်ကထက် မီတာခ ဈေးတက်သွားတာကိုတွေ့ရပါတယ်။
နေအိမ်သုံး အတွက် မီတာခဟာ ယူနစ် ၃၀ အထိ ကို တစ်ယူနစ် ၃၅ ကျပ် ပဲ ကျသင့်မှာပါ ။ ယူနစ် ၅၀ အထိ သုံးရင်တော့ တစ်ယူနစ် ၅၀ ကျ မှာဖြစ်ပြီး ယူနစ် ၁၀၀ အထိ သုံးစွဲရင် တစ်ယူနစ် ၉၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ယူနစ် ၂၀၀ နဲ့အထက်ကိုတော့ တစ်ယူနစ် ၁၂၅ ကျပ် ကောက်ခံသွား မှာပါ။
အရင်ကတော့ အိမ်သုံး ကို ယူနစ်တစ်ရာအောက် ၃၅ ကျပ်ကောက်ကာ ယူနစ် ၂၀၀ အထိ ၄၀ကျပ်ကောက်ပြီး ၂၀၀ အထက်ဆို ၅၀ ကျပ် ကောက်ခဲ့ပါတယ်။
ဒါကြောင့် အသစ်ပြောင်းလဲလိုက်တဲ့နှုန်းအထားအရဆို ဥပမာ ယူနစ် ၂၀၀ သုံးစွဲတဲ့သူတွေဟာ ယခင်က ထက် မီတာခ သုံးဆလောက် ပိုဆောင်ရမှာ ဖြစ်ပါတယ်။
ဇိမ်ခံလျှပ်စစ်ပစ္စည်းများများစားစားမသုံးစွဲဘဲ တစ်လ ယူနစ်တစ်ရာလောက်ပဲ သုံးတဲ့ သာမန်မိသားစုတွေဆို ယခင် က ၃၅၀၀မီတာခ ဆောင်ရာကနေ နှုန်းထားအသစ်မှာ ၉၀၀၀ ဆောင်ရတော့မှာပါ။
အိမ်သုံးမဟုတ်ရင် တော့ အရင်က ယူနစ်ငါးသောင်းအထိ တစ်ယူနစ်ကို ၁၀၀ ပဲရှိပေမယ့် အခုတော့ ယူနစ်ငါးသောင်း သုံးစွဲရင် တစ်ယူ ၁၆၅ ကျပ် ကျသင့်သွားမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်အချို့ကတော့ နှုန်းထားအသစ်အရဆို အရင်က ထက်နှစ်ဆကျော် မီတာခဆောင်ရတော့မယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ မီတာခနှုန်းထားသက်သာတဲ့အထဲ ပါဝင်ပါတယ်။
မီတာခနှုန်းထား သက်သာပေမယ့်လည်းတဖက်မှာတော့အစိုးရဟာ လျှပ်စစ်ဓာတ်အား တစ်ယူနစ် ထုတ်လုပ်တဲ့အခါတိုင်း အရှုံခံနေ တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ထုတ်ပြောထားကြပါတယ်။
နှစ်စဉ် လျှပ်စစ်ကဏ္ဍအတွက် ကျပ်ဘီလီယံ ငါးရာကျော်အရှုံးပေါ်နေတယ်လို့သိရပါတယ်။
ဒီလို နှစ်စဉ် နိုင်ငံဘဏ္ဍငွေကနေ အရှုံးခံပေးနေရပေမယ့်လည်း ပြည်သူတွေ မှာ လျှပ်စစ်လုံလုံလောက်မရတဲ့အပြင် မီတာခဈေးနည်းလို့ အရှုံးပေါ်မှာစိုးပြီး လျှပ်စစ်ကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု တွေ မရှိတဲ့အတွက် လျှပ်စစ်ကဏ္ဍ ကိုပြု ပြင်ပြောင်းလဲပစ်ဖို့အတွက် မီတာခ ဈေးနှုန်း တိုးကောက်ဖို့ အကြံပြုနေတာတွေလည်းရှိနေပါတယ်။
အဲဒီနောက်မှာတော့ အစိုးရအဖွဲ့ဟာ လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် အချိန်ယူဆွေးနွေးခဲ့၊ပြီး လာမယ့် ဇူလိုင်လ ၁ ရက်မှာ မီတာခကို နှုန်းထားအသစ်နဲ့ ကောက်ခံဖို့ ကြေညာလိုက်တာပဲဖြစ်ပါတယ်။
လျှပ်စစ်ကို ချွေချွေတာတာ သုံးမယ်ဆိုရင်တော့ မီတာခ သက်သာမယ်လို့ အကြုံပြုထားတာတွေလဲ ရှိနေပါတယ်။
7Day

No comments:
Post a Comment