Wednesday, June 26, 2019

ဘားအံမြို့ အဆင့်မြင့် ဇွဲကပင်ပလာဇာကို လွှတ်တော်ကအတည်ပြု


ကျပ်သန်းပေါင်း ၁၁ ဘီလီယံ အကုန်အကျခံတည်ဆောက်နေတဲ့ ဘားအံမြို့ရဲ့ ပထမဆုံး ဇွဲကပင်ပလာဇာ အဆင့်မြင့် ဈေးဝယ်စင်တာကို ဒုတိယအကြိမ်မြောက် ကရင်ပြည်နယ်လွှတ်တော် မှာ ဇွန် ၂၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ 
ဇွန် ၂၄ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ကရင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းဝေး ပထမနေ့မှာ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဦးသန်းနိုင်က စီမံကိန်းလုပ်ငန်းနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။ 
ဒေသတွင်း အလုပ်အကိုင်ဖန်းတီးပေးနိုင်ဖို့၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာတဲ့ အဆင့်မြင့်ဈေးဝယ်စင်တာကြီး ဖော်ဆောင်နိုင်ဖို့၊ လုံခြုံစိတ်ချရတဲ့ ၀န်ဆောင်မှုတွေနဲ့ စိတ်အေးချမ်းသာ ရောင်းဝယ်နိုင်ဖို့၊ ပြည်နယ်အတွက် အခွန်ဝင်ငွေ တိုးပွားရရှိစေဖို့ ရည်ရွယ်ပြီး ဇွဲကပင်ပလာဇာ အဆင့်မြင့်ဈေးဝယ်စင်တာကို တည်ဆောက်ခဲ့တာပါ။
ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ၀န်ကြီး ဦးသန်းနိုင်က “နိုင်ငံတကာ ဈေးဝယ်စင်တာတွေ ကျနော်တို့ဆီမှာရှိလာမယ်ဆိုရင် ကောင်းတယ်ဆိုတဲ့ ဂုဏ်လေးတခုဖြစ်အောင် လုပ်ပေးတဲ့သဘောဖြစ်တယ်။ နိုင်ငံတကာ ကျနော်တို့ သွားတဲ့အခါကျရင်လည်း ဒီလိုအဆင့်မီတဲ့ ဈေးဝယ်စင်တာတွေဟာ မြို့တိုင်းရွာတိုင်းမှာရှိပါတယ်။ ဒီအတွက် ဆောင်ရွက်ရချင်ဖြစ်တယ်”လို့ ပြောပါတယ်။ 
UHM Development ကုမ္ပဏီ၊ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်အောင်ရွှေ က “ဒီဈေးဝယ်စင်တာ ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် ဈေးဝယ်စင်တာပေါ် မှီခိုပြီးတော့ လာရောက်ဖွင့်လှစ်မယ့် လုပ်ငန်းရှင်တွေ၊ သူတို့ကို မှီခိုရမယ့် ၀န်ထမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာရရှိဖို့ ရည်ရွယ်တယ်”လို့ ပြောပါတယ်။ 
အဆိုပါ ဈေးဝယ်စင်တာကို UHM ကုမ္ပဏီက နှစ် ၄၀ စာချုပ်နဲ့ ၁၁ ဘီလီယံအကုန်အကျခံပြီး ယခင်ကားကြီးကွင်းဟောင်းမြေ ဧရိယာ ၃ ဒသမ ၃၄၄ ဧကပေါ်မှာ ဆိုင်ခန်းပေါင်း ၅၀၀ လောက်ပါဝင်တဲ့ ၅ ထပ် အဆောက်အဦကို ၂ နှစ်အတွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး ဒေသခံ ၂၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မှာဖြစ်ပါတယ်။ 
ကရင်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြားရင်းနှီမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပြီး လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ကင်းလွတ်ခွင့် ၇ နှစ် လုပ်ကိုင်ခွင့်ပေးထားပါတယ်။ 

ရဲမင်းခေါင်
DVB

No comments:

Post a Comment