ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု များကို ဆက်လက်ထောက်ခံအားပေးကြောင်း (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက ကြေညာသည်။
၂၀၁၉ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးအပြီး တွင် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် ထိုသို့ဖော်ပြထားခြင်းဖြစ်ကြောင်း ဇွန် ၂၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အာဆီယံခေါင်းဆောင်များက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင်လည်းကောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီပံ့ပိုးပေးကြရာတွင်လည်းကောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ရာတွင်လည်းကောင်း၊ အာဆီယံ၏ အခန်းကဏ္ဍပိုမိုမြှင့်တင်ရေးနှင့် ထင်သာမြင်သာရှိစေရေးကို ထောက်ခံအားပေးရန် ထပ်လောင်းအတည်ပြုကြောင်း အာဆီယံထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အဓိကအကြံပြုချက် သုံးရပ်ဖြစ်သည့် ပြန်လည်လက်ခံရေးစခန်း နှင့် ကြားစခန်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေမှု ပိုမိုအားကောင်းစေရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ကူညီပံ့ပိုးရေး စသည်တို့ကို အာဆီယံအတွင်းရေးမှူးချုပ်အနေဖြင့် အကောင်အထည်ဖော်သွားစေရန် သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးအစီအမံများကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်းလည်း အဆိုပါကြေညာချက်တွင် ပါရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန် ၂၂ ရက်မှ ၂၃ ရက်အထိကျင်းပသည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဇွန် ၂၂ ရက်တွင် ကျင်းပသည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (မျက်နှာစုံညီ) တွင် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲသည့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရာတွင် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်ကို လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(သီးသန့်) တွင် အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့် အနာဂတ်ဦးတည်ချက်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ၌ အာဆီယံနိုင်ငံခေါင်းဆောင်များက ရခိုင်ပြည်နယ်အရေးကိစ္စသည် သိမ်မွေ့ရှုပ်ထွေးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်း ပမာဏများစွာ ကြီးမားသဖြင့် အာဆီယံက တိုးမြှင့်ကူညီပံ့ပိုးရန်လိုအပ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်ကြောင်းနှင့် ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် အချိန်ဇယား သတ်မှတ်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း စသည်ဖြင့် အပြုသဘော ဆွေးနွေးပြောကြားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေး အပေါ် လက်တွေ့ကျပြီး အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်သည့်အတွက် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် AHA Centre တို့အား ကျေးဇူးတင်ရှိကြောင်း၊ ယင်းပြဿနာအား ချောမွေ့လျင်မြန်စွာ ဖြေရှင်းရေးကို မိမိတို့လောက် လိုလားသည့်နိုင်ငံရှိမည်မဟုတ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက် ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိသဖြင့် အသိုက်အဝန်းများအကြား ရှေရှည်သဟဇာတဖြစ်ရေးအတွက် ရခိုင်ပြည်နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းသတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်သည့် ခရီးစဉ်ပြီးဆုံး၍ ဇွန် ၂၃ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Eleven Media Group

No comments:
Post a Comment