Tuesday, June 25, 2019

ပြည်သူ့အတွက် လျှပ်စစ်မီးနှင့် မပါမဖြစ်သည့် မီတာခ

ယနေ့ မြန်မာပြည်သူများ၊ အထူးသဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြန့်ဖြူးရောင်းချသည့် လျှပ်စစ်ဓာတ်အား သုံးစွဲနေသူများအကြား အထူးအပြောများနေသည့်ကိစ္စမှာ ဆိုင်းမဆင့်ဗုံမဆင့် တိုးမြှင့်ကောက်ခံလိုက်သည့် မီတာခပင်ဖြစ်ပေသည်။ 
မီတာခကိစ္စမှာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် နှုန်းထားပြောင်းလဲ ကောက်ခံတိုင်း ပြည်သူများအတွက် မကျေမနပ်ဖြစ်စရာ ကိစ္စတစ်ခုလိုဖြစ်ခဲ့သည်မှာ မဆန်းသော်လည်း ပြည်သူ့ပါတီ၊ ပြည်သူ့အစိုးရဟုဆိုခဲ့သည့် ဒီမိုကရေစီအစိုးရလက်ထက်တွင် ကြိုတင်အသိပေးရှင်းလင်းခြင်းမျိုးမရှိဘဲ နှုန်းထားတိုးမြှင့်ကောက်ခံခြင်းမျိုးဖြစ်နေသည်မှာ ဆန်းသလိုဖြစ်နေပေသည်။ 
မီတာခကိစ္စနှင့်အတူ လူမှုကွန်ရက်ပေါ်တွင် ကုန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ ထိုစဉ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်၏ သတင်းတစ်ပုဒ်ကိုလည်း အထူးတလည် ပြန်လည် Share ကြသည်ကိုလည်း တွေ့ရပေသည်။ ယင်းသတင်းခေါင်းစဉ်မှာ “ပြည်သူများအား ရှင်းလင်းအသိပေးခြင်းမရှိဘဲ ဓာတ်အားခများ တိုးမြှင့်ကောက်ခံခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်”ဟူ၍ပင်။ 
တကယ်တမ်းပြောရလျှင် စစ်အစိုးရလက်ထက်ဖြစ်စေ၊ ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်စေ လျှပ်စစ်ဓာတ်အားမှာ လျှပ်စစ်ဓာတ်အားသာဖြစ်ပြီး မီတာခမှာ မီတာခသာဖြစ်သည်ဟုသာ ပြောရပေမည်။ လျှပ်စစ်ဓာတ်အားထုတ်နိုင်လျှင် တစ်ပြည်လုံးလင်းနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်နေသည့် နိုင်ငံပိုင်လုပ်ငန်းတစ်ခုအနေနှင့်လည်း သင့်တင့်လျောက်ပတ်သည့် မီတာခ မရသရွေ့ ရပ်တည်ရန်ခက်ခဲမည်မှာ သေချာပါသည်။ 
မီတာခတိုးမြှင့်မည့်ကိစ္စကို ယခုကြေညာချက်မထွက်မီ လအတန်ကြာကတည်းက ရိပ်ဖမ်းသံဖမ်းကြားခဲ့ကြပြီးဖြစ်သော်လည်း ပြည်သူကိုကြိုတင်အသိမပေးဘဲ ကြေညာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသလိုပင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟုဆိုသော်လည်း မည်သို့လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားထားခြင်းမရှိဟု ပြောရမလိုဖြစ်နေပေသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပင် အများစုကလက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုးရှိမည်ဆိုပါက အမုန်းခံဆောင်ရွက်ရသည့် နိုင်ငံရေးဆိုရိုးရှိသော်လည်း ပြည်သူလူထု၏ နိစ္စဓူဝ ကိစ္စများနှင့်ပတ်သက်လျှင် ပြည်သူ့ဆန္ဒသဘောထားရယူရန် လိုအပ်သည်ဟုလည်းဆိုရပေမည်။ 
အမှန်တွင် မြန်မာနိုင်ငံ၌ ကုန်ခဲ့သည့် အနှစ် ၅၀ ခန့်ကာလတွင်း အမှန်တကယ် ကုန်ကျစရိတ်ထက် လျှော့ပေါ့ပေးဆောင်လာခဲ့ရသော ပြည်သူလူထုအနေနှင့် ဤသို့ တိုးမြှင့်ကောက်ခံခြင်းကို ရုတ်တရက် လက်ခံရန် ခက်ခဲမည်သာဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုလျှင်လည်း တယ်လီဖုန်းခ၊ လျှပ်စစ်ဓာတ်အားခနှင့် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းကို မည်သည့်နိုင်ငံသားမျှ ကြည်ဖြူစွာ လက်ခံခြင်းမရှိတတ်ပေ။ 
အသုံးနှင့် အဖြုန်း ကွဲပြားစွာမသိသေးသော နိုင်ငံသားအများစု ရှိနေသေးသည့် မြန်မာနိုင်ငံတွင် မလိုလားအပ်သော လျှပ်စစ်ဓာတ်အား ဖြုန်းတီးမှုများကို ထိန်းသိမ်းရန်အလို့ငှာ သင့်တင့်လျောက်ပတ်သောဓာတ်အားခ တိုးမြှင့်ခြင်းကို ကြည်ဖြူသည်ဖြစ်စေ၊ မကြည်ဖြူသည်ဖြစ်စေ လက်ခံကြရမည်သာဖြစ်ပေသည်။ 
ပုံမှန်အားဖြင့် မည်သည့်နိုင်ငံတွင်မဆို နိုင်ငံသားအားလုံးသည် မိမိတို့သုံးစွဲသော လျှပ်စစ်ဓာတ်ပမာဏအလိုက် သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ကြရစမြဲဖြစ်သည်။ သို့သော် ထိုသို့ကောက်ခံသောနိုင်ငံ၏ စီးပွားရေးအဆင့်အတန်း၊ နိုင်ငံသားတို့၏ တစ်နှစ်ပျမ်းမျှဝင်ငွေ၊ ငွေကြေး ဖောင်းပွမှုနှုန်းထားနှင့် အခြားအချက်အလက်တို့အပေါ်မူတည်ကာ သင့်တင့်လျောက်ပတ်သောနှုန်းထားများကို လွှတ်တော်၏ခွင့်ပြုချက်ဖြင့် အစိုးရကသတ်မှတ်ပေးရသည်။ သာသနာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် တပ်မတော်တို့အပေါ် ကောက်ခံသည့် နှုန်းထားများကိုလည်း အများပြည်သူသိရှိရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသင့်ပေသည်။ 
ဒီမိုကရေစီနိုင်ငံတစ်ခုထူထောင်ရာတွင် တာဝန်သိသော နိုင်ငံကြီးသားများ၏ပူးပေါင်းပါဝင်မှုမှာ အထူးအရေးပါလှပေသည်။ ထို့အတူ တာဝန်ယူသော၊ တာဝန်ခံသော၊ ပွင့်လင်းမြင်သာသော၊ မျှတသော၊ ရိုးဖြောင့်သော ဥပဒေပြုလွှတ်တော်၊ အစိုးရနှင့် တရားရေးမဏ္ဍိုင်များ၏ အခန်းကဏ္ဍ၊ အများထက် အခွင့်ထူးမခံသော၊ ပြည်ထောင်စု တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ အပေါ်စီးတွင်ရှိမနေသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်မှုကလည်း ထပ်တူအရေးကြီးကြောင်း အသိပေးလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ
The Voice

No comments:

Post a Comment