ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ ချေးငွေချေးပြီး ရင်းနှီးမြှုပ်နှံမှုလုံးဝလုပ်သွားမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင်ပြုလုပ်ခဲ့သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ “ ဒီစီမံကိန်းနဲ့ပတ်သက်လို့ နောင်လာနောင်သားတွေကို ချေးငွေဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုပြီး ဆွေးနွေးနေတာတွေ ကြားပါတယ်။ ကျွန်တော်တို့ကတော့ ပိုက်ဆံချေးငွေယူပြီး ဒီမြို့ကြီးကိုတည်ဆောက်ဖို့ လုံးဝအစီအစဉ်မရှိပါဘူး။ လုံးဝမလုပ်ပါဘူး။ ချေးငွေချေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့မရှိဘူး။ လုပ်ချင်တဲ့ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့လာပြီး တည်ဆောက်ပေးတဲ့အခြေအနေမျိုးလုပ်ချင်တာပါ။ ဒီအထဲမှာ အကြောက်ဆုံးက လာတော့ရင်းနှီးမြှုပ်နှံတယ်ဆိုင်းဘုတ်ပဲထောင်ပြီး မြေပဲကစားနေတဲ့အခြေအနေမျိုး မမျှော်မှန်းထားဘူး။ ဒီလိုအလုပ်ကိုလည်းလက်ခံမှာမဟုတ်ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်းမှာ မြေဧက ၂၀၀၀၀ အကျယ်အဝန်းတွင်ဆောင်ရွက်မည်ဖြစ်ပြီး မြို့နယ်ငါးခု၊ တံတားနှစ်စင်း၊ ပင်မလမ်းမများ၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေဆိုး၊ ရေသန့်စက်ရုံများပါဝင်ကာ ပထမအဆင့်အတွက် ကုန်ကျငွေမှာ ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ယင်းအပြင် စီမံကိန်း၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂ သန်းဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကနဦးမတည်ငွေ မြန်မာငွေကျပ် ၁၀ ဘီလျံကျပ်ထည့်ဝင်ထားကာ ကျန်ရှိသည့်ငွေပမာဏ ကန်ဒေါ်လာ ၄.၉၉၃ ဘီလျံလိုအပ်နေကြောင်း သိရသည်။ အဆိုပါ မြို့သစ်စီမံကိန်းအကောင်ထည်ဖော်ပြီးပါက မြို့ဟောင်း၏လူဦးရေကျပ်တည်းမှုနှင့် ယာဉ်ကြော ကျပ်တည်းမှုတို့ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိသတင်းဌာန)








0 comments:
Post a Comment