Thursday, June 27, 2019

လင်မယားနှစ်ယောက်အား သေနတ်ဖြင့် ပစ်သတ်မှု တရားခံအား သေဒဏ် နှင့် ထောင်ဒဏ် (၁၀) နှစ် သီးခြားကျခံရန်အမိန့်ချ


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း နှင့် ရွာလယ်လမ်းအနီးတွင် ဖြစ်ပွားခဲ့သည့် လင်မယားနှစ်ယောက်အား သေနတ်ဖြင့် ပစ်သတ်မှု မှ ဖမ်းဆီးရမိသည့်တရားခံအား ဇွန်လ ၂၇ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် သေဒဏ် နှင့် ထောင်ဒဏ် (၁၀) နှစ်ကို သီးခြားကျခံရန်အမိန့်ချခဲ့သည် ။ 
အမှုနှင့်ပတ်သက်၍ တရားခံဖြစ်သူ ဦးခွန်ကောလာအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၀၂(၁-ဂ)/၃၉၂/၃၉၇ တို့ဖြင့် စွဲချက်တင်ခဲ့ထားပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၀၂(၁-ဂ) အတွက် သေဒဏ် ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၉၂/၃၉၇ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည် ။ 
တရားခံအနေဖြင့် ရှေ့နေငှားရမ်းနိုင်ခြင်းမရှိသည့်အတွက် ဥပဒေအရ ရှေ့နေလိုက်ပါရန်အတွက် ဥပဒေရုံး မှ မန္တလေးတိုင်းဒေသကြီး ရှေ့နေများအသင်းသို့ ညွှန်ကြားချက်ကြောင့် နိုင်ငံတော်စားရိတ်ဖြင့် တရားလွှတ်တော်ရှေ့နေ တစ်ဦး က လိုက်ပါဆောင်ရွက်ရသည် ။ 
ထိုသို့ အမိန့်ချမှုနှင့်ပတ်သက်၍ (၇) ရက်အတွင် အထက်ရုံးသို့ အယူခံဝင်သွားမည်ဖြစ်ကြောင်း ဦးခွန်ကောလာ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည် ။ 
ပစ်ခတ်မှုမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ယောက်အား သေနတ်သမားတစ်ဦးက ဆိုင်ကယ်ဖြင့်လာရောက်၍ ပစ်ခတ်ခြင်းဖြစ်ကာ ယောက်ျားဖြစ်သူမှာ ရင်ဘက် နှင့် မိန်းမဖြစ်သူမှာ နားထင် တို့ကို ပစ်ခတ်ခံရခြင်းဖြစ်သည် ။ ထိုသို့ သေနတ်ဖြင့်ပစ်ခံရသည့် ဖြစ်စဉ်မှ အမျိုးသမီးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး ယောက်က်ျားဖြစ်သူမှာ ဒဏ်ရာသက်သာကြောင်း သိရသည် ။ 
သေနတ်ဖြင့် ပစ်ခံရသူ (၂) ဦးမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့မယ် ထွန်တုံးရပ်ကွက်တွင် ခေါင်ရည်ဆိုင်ဖွင့်ထားသည့် လီလျှီခွမ်း (ခ) ကိုဇော်လင်း နှင့် မဟော်လောက်ဖိန်း တို့ဖြစ်ပြီး ဖမ်းဆီးရမိသူမှာ ပုသိမ်ကြီးကြီးမြို့နယ် အုန်းချောတွင် နေထိုင်သည့် ဦးခွန်ကောလားဖြစ်သည် ။ 
ထို့အပြင် သေနတ်ဖြင့် ပစ်ခတ်သည့် ဦးခွန်ကောလာအား လက်နက်မှု ၁၉ (င) အတွက် စက်တင်ဘာလ ၁၉ ရက်နေ့က ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ကျခံရန် အမိန့်ချပြီးဖြစ်သည် ။
The Fifth Wave News 

No comments:

Post a Comment