Wednesday, June 26, 2019

မြောက်ဦးမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို လောဘသားများက တလွဲအသုံးချမှုများ ရှိနေဟုဆို


မြောက်ဦးမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို လောဘသားများက တလွဲအသုံးချမှုများ ရှိနေကြောင်း မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ သိရသည်။ 
“အစည်းအဝေးမှာ မြောက်ဦးကို အဓိက ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး လုပ်ငန်းစဉ် Time Frame ပေါ့။ ပြီးစီးမှုနဲ့ ရှေ့လုပ်ငန်းစဉ်ကို ဆွေးနွေကြတယ်။ အဓိကတော့ မြောက်ဦး ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပါတယ်။ ယခင်လုပ်ဆောင်ထားတဲ့ လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိခဲ့တဲ့အတွက် အဲဒါတွေကို ထည့်တွက်စဉ်းစားကြတယ်။ ပြောရရင် လောဘသားတွေက ဒီအမွေအနှစ်တွေကို တလွဲအသုံးချပြီးတော့ အမွေအနှစ်ကို ရောင်းဝယ် ဖောက်ကားတယ်ပေါ့။ မသိသူတွေက ဒီအမွေအနှစ်ကို တန်ဖိုးထားရမှန်း မသိတာလည်းပါတယ်။ ဒီလိုနည်းနဲ့ ပျောက်ဆုံးသွားတာလည်းရှိတယ်။ နောက်ပြီး မသိလို့ အမွေအနှစ် ဒေသထဲမှာ ကျူးကျော်ဝင်ရောက် နေထိုင်မှုတွေလည်း ရှိနေတယ်။ နောက်ပိုင်းမှာတော့ ရေရှည်လုပ်ငန်းစဉ် ချမှတ်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်” ဟုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။ 

ဇွန် ၂၅ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အပြီးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

၂၀၁၇ ခုနှစ်မှစတင်ပြီး မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရန်အတွက် လုပ်ဆောင်ခြင်းများ ရှိနေပြီး အခြေအနေအရ ကောင်းမွန်သော အလားအလာများ ရှိနေကြောင်းလည်း သိရှိရသည်။ သို့သော်လည်း မကြာသေးခင်ကာလ အတွင်းက မြောက်ဦးမြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားမှုများ ရှိလာခဲ့ပြီး ရှေးဟောင်းနယ်မြေ အတွင်းရှိ အဆောက်အအုံနှင့် ဘုရားပုထိုးများတွင် လက်နက်ကြီးများ ထိမှန် ထိခိုက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ 

Eleven Media Group 

No comments:

Post a Comment