Thursday, June 27, 2019

ဇွန်လအတွက် မီတာ ဖတ်ရာမှာ ပြည်သူတွေ ပါဝင်စေလို၊ ဇူလိုင်မှာ မီတာခ တက်မှာဖြစ်လို့ မနစ်နာစေရန်ဖြစ်


လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တာကြောင့် လျှပ်စစ်မီးသုံးစွဲသူတွေ မနစ်နာစေဖို့နဲ့ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ဌာနက ဇွန်လအတွက် မီတာဖတ်ရှုတဲ့အခါ လျှပ်စစ်မီးသုံးစွဲတဲ့ ပြည်သူတွေက ပါဝင်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ တောင်ဥက္ကလာပ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 
လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ထားတာကြောင့် ပြည်သူတွေမနစ်နာစေဖို့၊ မီတာဖတ်ချက် မှန်ကန်စေဖို့ (၂၀၁၉)ခုနှစ် ဇွန်လအတွက် မီတာဖတ်ရှုတာကို ဇူလိုင်(၁)ရက်ကနေ (၅)ရက်အထိ အဖွဲ့စနစ်နဲ့ ကွင်းဆင်းဖတ်ရှုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မီတာလာရောက် ဖတ်ရှုတဲ့အခါ မီတာဂဏန်းကို လျှပ်စစ်မီးသုံးသူ ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ်စားလှယ်တစ်ဦးဦးက ဌာနနဲ့ပူးတွဲဖတ်မှတ်ကာ မှန်ကန်ကြောင်း အတည်ပြုလက်မှတ်ရေးထိုးကာ မှတ်တမ်းထားရှိ ကူညီဆောင်ရွက်ပေးဖို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
တောင်ဥက္ကလာပ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးရဲ့ ထုတ်ပြန်ချက်အပြည်အစုံကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။ 
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၄ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ် ဓာတ်အားခ နှုန်းထားပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ (၁၁.၄-၂၀၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၉)၏ သဘောတူညီချက်အရ ၂၀၁၉ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ လျှပ်စစ်ဓာတ်အားနှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း (၂၅.၆.၂၀၁၉)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အသိပေးကြေညာထားပြီးဖြစ်ပါသည်။ 
၂။ လျှပ်စစ်ဓာတ်အားခနှုန်းထားပြင်ဆင်သတ်မှတ်ခြင်းကြောင့် မီးသုံးသူများနစ်နာမှုမရှိစေရေး အငြင်းပွားမှု မဖြစ်ပေါ်စေရေး၊ တပ်ဆင်ထားသော မီတာအားလုံးဖတ်ရှုရေးနှင့် မီတာဖတ်ချက်မှန်ကန်စေရေး တို့အတွက် (၆/၂၀၁၉)လ အတွက် မီတာဖတ်ရှုခြင်းကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁)ရက်မှ(၅)ရက်အထိ အဖွဲ့စနစ်ဖြင့် ကွင်းဆင်းဖတ်ရှု သွားမည်ဖြစ်ပါသည်။ 
၃။ သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ်အတွင်း လျှပ်စစ်ဌာနမှအဖွဲ့များဖြင့် မီတာလာရောက် ဖတ်ရှုစဉ်တွင် မီတာဖတ်ချက်မှန်ကန်စေရေးနှင့် အငြင်းပွားဖွယ်မဖြစ်ပေါ်စေရေးတို့အတွက် မီတာဂဏန်းကို မီးသုံးသူ ကိုယ်တိုင်(သို့မဟုတ်)ကိုယ်စားလှယ်တစ်ဦးမှ ဌာနနှင့်ပူးတွဲဖတ်မှတ်ကာ မှန်ကန်ကြောင်း အတည်ပြုလက်မှတ် ရေးထိုး၍ မှတ်တမ်းထားရှိနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ အကြောင်းကြား အပ်ပါသည်။ 


မြို့နယ်လျှပ်စစ်မန်နေဂျာ
One News Myanmar 


No comments:

Post a Comment