Tuesday, June 25, 2019

ကျောက်ပန်းတောင်းမြို့ မီနီအိုးဝေသုံးဘီးအဖွဲ့ သက်ကြီးရွယ်အိုဘိုးဘွားများအား ဥပုဒ်နေ့တိုင်း အခမဲ့ အကြိုအပို့ ကုသိုလ်ပြုမည်



မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မီနီအိုးဝေ သုံးဘီးယာဉ်အဖွဲ့က မြို့ပေါ်ရှိသက်ကြီးရွယ်အိုဘိုးဘွားများကို ဘုန်းတော်ကြီးကျောင်းများသို့ သီလယူဥပုဒ်ဆောက်တည်နိုင်ရေးအတွက် ဥပုဒ်နေ့တိုင်း အခမဲ့ အကြိုအပို့ ကုသိုလ်ပြုမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးလှမိုးအောင်ထံမှ စုံစမ်းသိရသည်။ 

ကျောက်ပန်းတောင်းမြို့ပေါ်တွင် စိတ္တပါလဂူကျောင်း ၊သုခ၀တီ၊ ခေမာသီဝံ၊ စွန်းလွန်းဂူကျောင်း၊ မြတ်ရွှေဂူ၊ သုံးဆူတန်း၊ အောင်တော်မူ၊ ညောင်တန်း၊ ကြွယ်တောင် စသည်ဖြင့် ကျောင်းတိုက်ပေါင်းများစွာရှိပြီး မီနီအိုးဝေအဖွဲ့အနေဖြင့် အဘိုးအဘွားများသွားရောက်ကြည်ညိုလိုသည့် ကျောင်းတိုက်များသို့ အရောက်ပို့ဆောင်ကုသိုလ်ပြုမည်ဟုဆိုသည်။ 
ကျွန်တော်တို့ တနေ့တာပင်ပန်းသမျှ ကုသိုလ်ဖြစ်လိုစိတ်နဲ့ တဖွဲ့လုံးကစိတ်ပါလက်ပါဝိုင်းဝန်းဆောင်ရွက်ကြတာပါ။ သိတဲ့အတိုင်းပဲ သုံးဘီးတွေအများစုက အရစ်ကျစနစ်နဲ့ ၀ယ်မောင်းသူကများတော့ ကျွန်တော်တို့လောကမှာ သိပ်ပြီးအဆင်ပြေလှတယ်တော့ မဟုတ်ဘူး။ ဒီကြားထဲက ကုသိုလ်စိတ်နဲ့ အခုလိုဆောင်ရွက်ကြရတာပါဟု မီနီအိုးဝေအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးလှမိုးအောင်ကပြောသည်။ 
မိမိတို့ယခုဆောင်ရွက်နေသည့်အစီအစဉ်အတွက် အခြားမည်သူ့ထံမှအကူအညီရယူတောင်းခံမှာမဟုတ်ပဲ မိမိတို့အဖွဲ့၏ သီးသန့်ကုသိုလ်ဖြစ်လုပ်ငန်းဖြစ်ကြောင်း၊ အကူအညီရယူလိုသူ အဘိုးအဘွားများအနေဖြင့် မိမိတို့အဖွဲ့၏ဖုန်းနံပါတ်ကိုခေါ်ဆို ကာ အကူအညီတောင်းခံနိုင်ကြောင်း မီနီအိုးဝေအဖွဲ့ဝင် ကိုသန်းဦးကပြောသည်။ 
ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံအနီးတွင် စုရပ်ပြုလုပ်ထားသော မီနီအိုးဝေသုံးဘီးအဖွဲ့ကို အဖွဲ့ဝင်(၁၄)ဦးဖြင့် ဖွဲ့စည်း ထားကာ ကျောက်ပန်းတောင်းမြို့အခြေပြု အွန်လိုင်းဂရုများတွင် ဆက်သွယ်ရမည့်မိမိတို့အဖွဲ့၏ ဖုန်းနံပါတ်များကို ထည့်သွင်း ကြေငြာပေးထားကြောင်း သိရသည်။ 
ဇော်ထွန်း
Isee Media 


No comments:

Post a Comment