Wednesday, June 26, 2019

မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ ပမာဏကြီးမားသည့် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများရရှိမှု အားနည်းနေသည့်အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားရန် နိုင်ငံတော်သမ္မတ တိုက်တွန်း



မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ ပမာဏကြီးမားသည့် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများ ရရှိမှု အားနည်းနေသည့်အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။ 
ဇွန် ၂၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာ သတင်းအချက်အလက်များကို စနစ်တကျ စိစစ်လက်ခံပြီး ဖမ်းဆီးလျက်ရှိရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာဏကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ် ဖောက်ကားမှု သတင်းတွေရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြော ကြားသည်။ 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီး တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြရန် အထူးအရေးကြီးကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ 
ထို့ပြင် မူးယစ်ဆေးဝါး ပြဿနာသည် ကြီးမားကျယ်ပြန့်လာကာ စိတ်ပြောင်းဆေးဝါး ထုတ်လုပ်မှုများသည် မြင့်တက်လာသည် ကိုတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်နှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုသည့် အစပျိုး ဓာတုပစ္စည်း အမြောက်အများအား အိမ်နီးချင်းနိုင်ငံ နယ်စပ်များမှတစ်ဆင့် တရားမဝင် သယ်ဆောင်ရောင်းဝယ်နေကြောင်း နိုင်ငံတော်သမ္မက ဆက်လက် ပြောကြားသည်။ 
နိုင်ငံတော်သမ္မတက “တစ်ဖက်မှာလည်း ထုတ်လုပ်မှုတွေ မြင့်တက်နေသလို လွယ်လွယ်ကူကူ ရရှိနိုင်မှုရဲ့ အကျိုးဆက်ကြောင့် သုံးစွဲမှုနဲ့ ဝယ်လိုအားများ မြင့်တက်လျက်ရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ အကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာတာနဲ့အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာတဲ့ ဆိုးကျိုးသံသရာကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ် အတွင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာ အခြေအနေကို ဆိုက်ရောက် လာနိုင်တယ်ဆိုတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 
မူးယစ်ဆေးဝါး သုံးစွဲမှုကို ကြိုတင်ကာကွယ်ပေးရန်၊ ဆေးကုသပေးရန်၊ ပြန်လည်ထူထောင်ပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်း ပေးနိုင်ရန် ပရဟိတ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် တစ်နိုင်ငံတည်း ဆောင်ရွက်လို့ မရသည့်အတွက် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ 
“တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနဲ့အောက်ခြေအထိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ ဒေသဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အဖွဲ့တွေထံကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်ခြင်းနဲ့ စပ်လျဉ်းပြီး ပြည်သူများက တိုင်ကြားကြဖို့ လိုပါတယ်။ ဒီအဖွဲ့များရဲ့ ဆောင်ရွက်မှုတွေ၊ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်နဲ့ အကြံပြုချက်များကို ပြန်လည်သုံးသပ်ပြီး ဒေသခံပြည်သူနဲ့ ဒေသခံလူမှု အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး လမ်းဖွင့်ပေးထားပြီးဖြစ်လို့ ပိုပြီးထိရောက် ခိုင်မာတဲ့ အပြောင်းအလဲကို အောင်မြင်အောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။ 
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိပြီး ထုတ်လုပ်မှု ၅၅၀ မက်ထရစ်တန်ရှိကာ၂၀၁၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၃၇၃၀၀ စိုက်ပျိုးပြီး ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန် ရှိသည့်အတွက် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှု ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 


Eleven Media Group


No comments:

Post a Comment